ရာဇဝတ်ဘေး ပြေးမလွတ်ပါ

ရာဇဝတ်ဘေး ပြေးမလွတ်ပါ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  စက်တင်ဘာ  ၇  ရက်)

၂ဝ၂၁ ခုနှစ် သြဂုတ် ၁၄ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးရထားရဲတပ်ဖွဲ့ဝင် ၅ ဦးအား လုပ်ကြံသတ်ဖြတ်ပြီး လက်နက်များ ယူဆောင်သွားသော သတင်းတစ်ခု ကြားသိလိုက်ရသည်။ ထိုသတင်းနှင့် ပတ်သက်၍ ပြည်သူလူထုအများစုက စိတ်မကောင်းခြင်းနှင့်အတူ ဒေါသလည်းဖြစ်ကြရသည်။ စိတ်မကောင်းသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုသည်မှာလည်း ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသော ပြည်သူတို့၏ သားသမီးများသာ ဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက် တာဝန်များကိုအောင်မြင်စွာ အကောင်အထည်ဖော် နေကြရသူများဖြစ်သည်။

မီးရထားရဲတပ်ဖွဲ့ ဆိုသည်မှာလည်း အဓိကအားဖြင့် ပြည်သူများ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး အတွက်၊ ဘေးမသီရန်မခ ခရီးသွားလာနိုင်ရေးအတွက် ကူညီစောင့်ရှောက်နေခြင်း ဖြစ်သည်။ ပြည်သူများကို ကူညီပါရစေ ဆောင်ပုဒ်နှင့်အညီ ကူညီမှုပြုနေခြင်းသာဖြစ်သည်။ ပြည်သူလူထုအပေါ်တွင်ကူညီရန်သာ ဆန္ဒရှိနေပြီး ပြည်သူအကျိုးပျက်စီးရေးကို မည်သည့်အခါမျှ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ထိုနေ့ကဖြစ်စဉ်ကို လေ့လာကြည့်လျှင် ရိုးသားစွာ တာဝန်ထမ်းဆောင်နေသော မီးရထား ရဲတပ်ဖွဲ့ဝင်များကို လူမဆန်စွာ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်သွားခြင်းဖြစ်သည်။ ထို့ကြောင့်ပြည်သူတစ်ရပ်လုံးက အကြမ်းဖက် အဖျက်သမားတို့အပေါ် စက်ဆုပ်ရွံရှာမုန်းတီး နာကြည်းလျက်ရှိသည်။

အမှန်အားဖြင့် ရဲ(Police)ဆိုသည့် စကားလုံးတွင် ယဉ်ကျေးသိမ်မွေ့ခြင်း၊ အမိန့်နာခံခြင်း၊ သစ္စာရှိခြင်း၊ လေ့လာစူးစမ်း ထောက်လှမ်းတတ်ခြင်း၊ ရဲရင့်ခြင်းနှင့် ထူးချွန်ထက်မြက်ခြင်းတို့ ပူးပေါင်းထားသည်ကို တွေ့ရှိရသည့်အတိုင်း ရဲဆိုသည်မှာ ပြည်သူလူထုအတွက် အနီးကပ်ဆုံး မိတ်ဆွေသာဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေးနှင့် အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက်၊ ခဲယမ်းများ ပြန်လည်ရရှိရေး အပူတပြင်း ဖော်ထုတ်ခဲ့သည်။ ပြည်သူများ ကလည်း ပူးပေါင်းပါဝင် ကူညီသတင်းပေးကြသည်။

စက်တင်ဘာ ၅ ရက်နေ့ထုတ် သတင်းစာများတွင် ''အင်းစိန်မြို့ပတ် ရထားပေါ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးရထား ရဲတပ်ဖွဲ့ထံမှ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ ယူဆောင်သွားခဲ့သည့် လက်နက်၊ ခဲယမ်းများနှင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ'' ကြောင်း သတင်းကို အကျယ်တဝင့်ဖော်ပြထားသည်။ ရာဇဝတ်ဘေးဆိုသည်မှာ မည်သည့်အခါမျှ ပြေး၍လွတ်ရိုး ထုံးစံမရှိပါ။ ဖမ်းဆီးရမိမှုအချိန်ကာလ ကြာမြင့်မှု ရှိချင်ရှိပါလိမ့်မည်။ နောက်ဆုံးတွင် လူသတ်သမားတို့သည် ဥပဒေဘောင်အတွင်းသို့ သက်ဆင်းကြရစမြဲသာ ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နေ့/ညမရပ်မနား အပင်ပန်းခံ ကြိုးစားခဲ့မှုများ၊ ပြည်သူလူထုအတွင်း အမှန်တရားကို လိုလားသူများ၏ ဝိုင်းဝန်းကူညီပေးမှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်စွာဆိုးရွား ယုတ်မာသောဖြစ်စဉ်ဖြစ်ရပ်များကို ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူ ၅ ဦးနှင့်အတူ လုပ်သေနတ် အစိတ်အပိုင်းများနှင့် ၉ မမကျည် ၃၄၇ တောင့်၊ သေနတ်အရှည် ၄ လက်(ရထားရဲမှပါဆုံး လက်နက်များဖြစ်)၊ CCTV ကင်မရာ ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ ကားအတားအဆီး ၆ ခု၊ ွဏှ စက် ၁ လုံး၊ ပရိုဂျက်တာအသေး ၁ ခု၊ ကတ်တာအသေး ၁ ခု၊ လွန်စူး ၁ ဘူး၊ ဖြတ်စက် ၁ ခု၊ အိမ်ငှားစာချုပ် ၁ ခု၊ စကားပြောစက်(အထိုင်စက်) ၁ လုံး၊ အနက်ရောင် တောစီးလည်ရှည် အဝတ်ဖိနပ် ၃ ရန်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများထဲတွင် NLD ပါတီမှ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဟောင်း)၏ တူအရင်းတစ်ဦး ပါဝင်သည်။ မိုးမိုးစုကြည်မှာ ရာထူးတာဝန်ရှိစဉ်က အဂတိလိုက်စားမှု ပြုခဲ့သဖြင့် ဇွန် ၁၅ ရက်နေ့တွင် အဂတိလိုက်စာမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ ခံထားရသူဖြစ်သည်။ နိုင်ငံအတွင်းအကြမ်းဖက်လုပ်ရပ် မျိုးစုံလုပ်ဆောင် နေသူများတွင် အဓိကဦးဆောင်နေသူများမှာ NLD ပါတီဝင်များပင် ဖြစ်သည်။ လူငယ်လူရွယ်များကို စည်းရုံးသွေးဆောင်ကာ တောတွင်း လက်နက်ကိုင်အဖွဲ့များထံသို့ စေလွှတ်သည်။ ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်တွေကို သင်ယူစေသည်။ နိုင်ငံအတွင်း အဖျက်လုပ်ရပ်များကို လုပ်ဆောင်စေသည်။ ဖမ်းဆီးရမိသမျှ အကြမ်းဖက်သမားများကို  နောက်ကွယ်က ကြိုးကိုင်လုပ်ဆောင်နေသူများသည် ထိုပါတီဝင်များ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်ကြရသည်။

ယခုဖြစ်ပွားခဲ့သော မီးရထားရဲများကို သတ်ပြီး လက်နက်များ ယူဆောင်ကာ လုံခြုံသည့်နေရာသို့ သိမ်းထားသည်မှာ မောင်သော်(ခ) ဖြိုးဇေယျာသော် (NLDအမတ်ဟောင်း)ထံမှာဖြစ်သည်။ ထို့နောက်ဖမ်းဆီးရမိ တရားခံဇေယျာဖြိုးမှ ၎င်း၏ချစ်သူ မြတ်ဖြိုးပွင့်ထံ ပို့ဆောင် သိမ်းဆည်းခိုင်းခြင်းဖြစ်သည်။ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ပြီး တိမ်းရှောင်နေသူများကိုလည်း ဆက်လက် ဖမ်းဆီးရမိရေး၊ ၎င်းတို့အဖွဲ့၏ ကျူးလွန်ထားရှိသော ကွင်းဆက်ပြစ်မှု ဖြစ်စဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် ပြည်သူများကလည်း ဝိုင်းဝန်းကူညီ သတင်းပေးကြရန် သတင်း ထုတ်ပြန်ထားပါသည်။ ဖမ်းဆီးရမိရန် ကျန်ရှိသောတရားခံ များသည်လည်း မကြာမီအချိန်အတွင်း ဖမ်းဆီးရမိမှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ရာဇဝတ်ဘေး ပြေးမလွတ်သောကြောင့် ဖြစ်ပါကြောင်း။   ။