ရောဂါကင်းဝေးကျန်းမာရေး ပြည်သူများပါဝင်ပေး

လူသားများထံသို့ မမျှော်လင့်ဘဲရောက်ရှိလာသော ကိုဗစ်-၁၉ ကပ်ရောဂါသည် မူလမျိုးမှထပ်ဆင့်ပွားကာ မျိုးပွားအမည်သစ်များဖြင့် ဆက်လက်ကူးစက်လျက်ရှိသည်။ လူသားဆိုသည်မှာ သက်ရှိလောကတွင် အသိဉာဏ်အရှိဆုံးဖြစ်ပေရာ ထိုရောဂါကာကွယ်ဆေးကို တီထွင်နိုင်ခဲ့သည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းနည်းပါးသည်။ ကာကွယ်ဆေးထိုးထားလျက်နှင့် ကူးစက်ခံရ သော်မှ ရောဂါဝေဒနာပြင်းပြင်းထန်ထန်ခံစားရမည်မဟုတ်ပါ။ ထိုသို့ကူးစက်ခံရမှုမှာလည်း လွန်စွာနည်းလှပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းသူပြည်သား ရဟန်းရှင်လူများအတွက် ရောဂါကာကွယ်ဆေးရရှိအောင် စွမ်းဆောင် ပေးလျက်ရှိ သည့်အပြင် မိမိနိုင်ငံအတွင်းမှာလည်း ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြုလျက်ရှိသည်။ ပြည်ပနိုင်ငံ များမှ ကာကွယ်ဆေးရရှိရေးကိုလည်း စဉ်ဆက်မပြတ်ရရှိရေး ဝယ်ယူထားပြီးဖြစ်ကြောင်း သတင်းကောင်းများကြားသိရသည်။ ကိုဗစ်-၁၉ ရောဂါသည် ဤကမ္ဘာကြီးတွင် အချိန်ကြာမြင့်စွာ ရှိနေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ထားသည်။ မြန်မာတို့သည်လည်း ထိုရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရမည့်အနေအထားဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းဆေးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သုတေသနပြုစမ်းသပ် ဆောင်ရွက်နေမှုများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းမှုမရှိနိုင်ဘဲ ရေရှည်သွားမည့် အနေအထားတွင်ရှိသောကြောင့် ရေရှည်သုံးစွဲနိုင်သည် အထိရည်ရွယ်၍ စမ်းသပ်သုတေသနပြုမှုများကို မျက်ခြည်မပြတ် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှပညာရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အမြန်ဆုံး အောင်မြင်စွာထုတ်လုပ်နိုင်ရေးကို ပြည်သူ တစ်ရပ်လုံးက မျှော်လင့်လျက်ရှိသည်။ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော”မချစ်မနှစ်သက်အပ်ကုန်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏၊ “ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” ချစ်နှစ်သက်အပ်ကုန်သောသူတို့နှင့် ကွေကွင်း ခွဲခွာရခြင်းသည်လည်း ဆင်းရဲ၏။

ရောဂါကြောင့်ဆုံးရှုံးသွားခြင်းသည် ချစ်သောသူများနှင့်ကွေကွင်းရခြင်းဆင်းရဲဖြစ်သည်။ ယခုတစ်ဖန် ရောဂါနှင့် အတူတွဲကာ နေထိုင်ရခြင်းသည် မချစ်မနှစ်သက်သူနှင့်ယှဉ်တွဲနေရခြင်းဆင်းရဲပင်ဖြစ်သည်။ ထိုသို့သောဒုက္ခဆင်းရဲခြင်းအမျိုးမျိုးမှ လွတ်ကင်း စေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေပါသည်။ ကာကွယ်ဆေးများ ရောက်ရှိမှုအနေဖြင့် သြဂုတ် ၂၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၆ ဒသမ ၅ သန်း၊ အိန္ဒိယနိုင်ငံမှ ၃ ဒသမ ၇ သန်း စုစုပေါင်း ၁၀ ဒသမ ၂ သန်းရောက်ရှိပြီးဖြစ်သည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများမှလည်း လှူဒါန်း ပေးမှုများရှိပြီး အာဆီယံအဖွဲ့မှ လှူဒါန်းပေးအပ်သည့်ပစ္စည်းများလည်း မကြာမီပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။

ရောက်ရှိလာသောကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ အမြန်ဆုံးပေးပို့လျက်ရှိပြီး အချိန်မီ ထိုးနှံပေးလျက်ရှိ သည်။ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုယုံကြည်စွာထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ကြ ရမည်ဖြစ်သည်။ ရောဂါမဖြစ်ပွားရေးသည် တစ်မျိုးသားလုံး၏ ကျန်းမာရေးကိစ္စရပ်ဖြစ်သည့်အတွက် လူတိုင်းကာကွယ်ဆေးထိုး ထားမှသာ မိသားစုဘဝလှပနေမည်ဖြစ်ပါသည်။

လက်ရှိအနေအထားတွင် နိုင်ငံအတွင်း၌ အောက်ဆီဂျင်လိုအပ်မှုမရှိအောင် စက်ရုံများတည်ဆောက်ပြီး ထုတ်လုပ်ဖြန့်ချိ ပေးလျက် ရှိသည်။ ရောဂါကာကွယ်ဆေးများ၊ အိမ်သုံးဆေးများ ဈေးနှုန်းကြီးမြင့်ခြင်းမျိုးမရှိစေရန် ဆေးကုန်သည်ကြီးများအသင်းနှင့် ကုမ္ပဏီတချို့က တိုက်ရိုက်ရောင်းချပေးလျက်ရှိနေသည်။ စားနပ်ရိက္ခာအခြေခံစားကုန်ဈေးနှုန်းထိန်းနိုင်ရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ နှင့်တာဝန်ရှိ သူများက အားပေးကူညီလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကားများဖြင့် နေရာအနှံ့တွင် စားသောက်ကုန်များ ဖြန့်ဝေရောင်းချပေးလျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းကျဆင်းလာနေသည်ကိုကြားသိရသည်မှာ မင်္ဂလာသတင်းကောင်းဖြစ်သည်။ ပို၍ ပို၍ ကူးစက်မှု ကျဆင်းစေရန် အများပြည်သူအလုပ်ပိတ်ရက်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တိုးမြှင့် သတ်မှတ် ပေးထားသည့်အပြင် အခြေခံပညာကျောင်းများကိုလည်း စက်တင်ဘာ ၁၀ ရက်အထိ ဆက်လက်ပိတ်ထားကြောင်း အသိပေး ကြေညာထားပါသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရအပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုပပျောက်ရေးအတွက် ဆောင်ရွက် ပေးနိုင်သည် များအားလုံးကို ဆောင်ရွက်ပေးနေသကဲ့သို့ မိမိတို့ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း ပေါ့ဆစွာနေထိုင် သွားလာခြင်းမပြုဘဲ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့်နေထိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။