ရှစ်ညအိပ် ကိုးရက်ခရီးမဟုတ်တော့ပါ

ရှစ်ညအိပ် ကိုးရက်ခရီးမဟုတ်တော့ပါ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  စက်တင်ဘာ  ၉  ရက်)

လူတိုင်းသည် မိမိတို့နေထိုင်သော အရပ်ဒေသကို တိုးတက်ဖွံ့ဖြိုး စည်ကားစေချင်သည်။ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကအချက်မှာ လမ်းပန်း ဆက်သွယ်မှု လွယ်ကူရေးဖြစ်သည်။ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ ဟူသော ဆုတောင်းစကားကို ကြားဖူးကြမည်ဖြစ်သည်။ ခရီးတစ်ခုခု သွားခါနီး မိဘဘိုးဘွားတို့ကိုအရိုအသေ ပြုကြသည့်အခါတိုင်း မိဘဘိုးဘွားတိုင်းက မပျက်မကွက် ပေးလေ့ရှိသော ဆုတောင်းစကားဖြစ်သည်။ စက်တင်ဘာ ၅ ရက်နေ့ညတွင် မြဝတီရုပ်မြင်သံကြားမှ သတင်းတစ်ခုကို အချိန်ကြာကြာ ထုတ်လွှင့်ပြသခဲ့သည်။ ထိုသတင်းမှာ မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းဖောက်လုပ်ခြင်းစီမံကိန်း၊ ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုး ကားလမ်းဖောက်လုပ် ရောက်ရှိကြောင်း သတင်းဖြစ်သည်။

ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရသည်မှာပင် ခက်ခက်ခဲခဲ ဖောက်လုပ်မှုကို မြင်တွေ့ရသည်။ မြေပြင်တွင်သည့်ထက် ပိုမိုခက်ခဲစွာ ဖောက်လုပ်ရမည်မှာ သေချာလှသည်။ ထို့ကြောင့် စွန့်စွန့်စားစား လမ်းဖောက်လုပ်သူများကို အထူးပင် ကျေးဇူးတင်လှသည်။ မြင့်မားမတ်စောက်သော တောင်များအကြောင်းကို အသိဆုံးသူများမှာ တပ်မတော်သားများဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူများ ဘေးကင်းရန်ကွာ နေထိုင်နိုင်ရန်အတွက် တစ်တောဝင်တစ်တောင်တက် လှုပ်ရှားသွားလာ နေကြရသူများဖြစ်သည်။ တောင်ပေါ်လမ်းခရီး သွားလာရသည်မှာ ခက်ခဲကြမ်းတမ်း လှသည်။

ခေါင်လန်ဖူး ဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင် တည်ရှိ၍ ဆိုးရွားသော ရာသီဥတုနှင့် မြေမျက်နှာပြင် ခက်ခဲကြမ်းတမ်းသည်။ မြင့်မားမတ်စောက်သော တောင်ပေါ်ဒေသ၊ ကျောက်တောင်၊ ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများလှသည်။ ရေခဲတောင်နှင့် ဆီးနှင်းများကြောင့် စိုက်ပျိုးမြေ နည်းပါးသည်။ ထို့ကြောင့် ခေါင်လန်ဖူးဒေသရှိ ပြည်သူများ အနေဖြင့် နှစ်စဉ်စားနပ်ရိက္ခာ အခက်အခဲရှိသည်။

ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်မှ စားနပ်ရိက္ခာနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ထောက်ပံ့ ကူညီပေးနေရသည်။

ခေါင်လန်ဖူးဒေသမှ ပူတာအိုသို့ သွားရောက်မည်ဆိုပါက  ခေါင်လန်ဖူးမှ မဂွေဇသို့ ၆၅ မိုင်အကွာအဝေးအား ခြေကျင်ခရီးဖြင့် သွားကြရသည်။ ထိုခြေကျင်ခရီးကပင် ရှစ်ညအိပ် ကိုးရက်ခန့် သွားလာကြရသည်။

မဂွေဇမှ ပူတာအိုသို့ ၆၇ မိုင်ခရီးမှာ ဆိုင်ကယ်/ကားများဖြင့်  နှစ်ရက်ခန့် ဆက်လက် သွားရောက်ကြရသည်။

ပြည်သူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ကိစ္စရပ်များ ပူတာအိုသို့မဖြစ်မနေ သွားရောက်လေတိုင်း ခေါင်လန်ဖူးမှ မဂွေဇ ၆၅ မိုင်ခရီးမှာ ခရီးလမ်းတစ်လျှောက်တွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ အခက်အခဲပေါင်း များစွာ တွေ့ကြုံသလို အချိန်နှင့်ကုန်ကျစရိတ်လည်း လွန်စွာများပြားလှသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ၂ဝ၁၅ ခုနှစ်မှစတင်ပြီး မဂွေဇ-ခေါင်လန်ဖူးလမ်း စီမံကိန်းအတွက် မြေပြင်အနေအထား သဘာဝရာသီဥတု အခြေအနေတို့ အပါအဝင် အခြေခံ အချက်အလက်များကို ကွင်းဆင်းလေ့လာ သုံးသပ်ပြီး နိုင်ငံတော် အစိုးရသို့ တင်ပြ၍ လုပ်ငန်းခွင့်ပြုချက်နှင့် ရန်ပုံငွေ လျာထားရေးဆိုင်ရာ ကိစ္စရပ်များကို စီမံဆောင်ရွက်ခဲ့သည်။ ရည်မှန်းချက် ပြီးမြောက်ရေးအတွက် လမ်းစီမံကိန်းများကို အပိုင်းလေးပိုင်းခွဲ၍ ဆောင်ရွက်ရာတွင် အပိုင်း(၂)တွင် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၇၇ဝဝ ကျော်ရှိ ဆန်းလွတ်ချက် တောင်ကြားလမ်း ကျောက်တောင်အပိုင်း ပါဝင်သည်။   ထိုဆန်းလွတ်ချက် ကျောက်တောင်ကို ခက်ခက်ခဲခဲ ဖြတ်သန်းဖောက်လုပ်နေစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး လမ်းညွှန်ချက်အရ  လမ်းဖောက်လုပ်ရေးလုပ်ငန်း ဆောလျင်စွာ ပြီးစီးနိုင်ရေးအတွက်  တပ်မတော် ရဟတ်ယာဉ်များဖြင့် အပေါ့စား ယန္တရားများကို ခေါင်လန်ဖူးသို့ ပို့ဆောင်စေခဲ့သည်။  အပိုင်း (၃) တွင်လည်း သဘာဝ အတားအဆီးဖြစ်သည့် ရေစီးကြမ်းတမ်းသော မေခမြစ်ကို ကူးတို့ဖောင်များ သီးသန့်ပြုလုပ်ပြီး ခက်ခက်ခဲခဲ ဖြတ်ကူးကြရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာ တပ်ရင်းမှ အရာရှိ၊ စစ်သည်များ၊ ဌာနေပြည်သူ့စစ်များ ပူးပေါင်း၍ Feasibility Surveyဆောင်ရွက်ခြင်း၊ စီမံကိန်း ရေးဆွဲခြင်း၊ လုပ်ငန်းများကို အသေးစိတ်ပေါင်းစပ် ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံလမ်းကိုအပိုင်းလေးပိုင်း ခွဲ၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။ ထိုလမ်းသည် စတင်ဖောက်လုပ်ချိန်မှ လေးနှစ်နှင့် ရှစ်လအကြာ ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ရည်မှန်းချက်ဖြစ်သော ခေါင်လန်ဖူးမြို့သို့ အောင်မြင်စွာ ပေါက်ရောက်ခဲ့သည်။ ထိုလမ်းကို ဒေသခံပြည်သူများက အိပ်မက်လမ်းဟု တင်စားခေါ်ဆိုခဲ့ကြသည်။ မဖြစ်နိုင်သော အရာများကို ဖြစ်မြောက်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့လေပြီ။ ထိုနေ့က ရုပ်မြင်သံကြား သတင်းတွင် ဒေသခံ ပြည်သူလူထုများ၏ ဝမ်းသာပျော်ရွှင်နေကြသည့် ပုံရိပ်များကိုကြည့်ရင်း ရှစ်ညအိပ် ကိုးရက်ခရီး မဟုတ်တော့ပါကြောင်း ရေးသားလိုက်ရပေသည်။    ။