လူတိုင်းစာတတ်မြောက်ရေးနိုင်ငံ့အရေး

ယခုနှစ်နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ဆောင်ပုဒ်မှာ “ဒစ်ဂျစ်တယ်ကွာဟမှုကိုလျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသား ဗဟိုပြုပြန်လည်ထူထောင်စို့” ဖြစ်သည်။ နိုင်ငံတိုင်းတွင် စာပေသည် လွန်စွာအရေးကြီးသည့်ကဏ္ဍတွင်ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်လည်း အချက်တစ်ချက်ပါဝင်သည်။ စာပေသည် လူတို့အတွက် အသိလိမ္မာတို့သိုမှီးရာဘဏ္ဍာတိုက်ကြီးလည်းဖြစ်သည်။ ထုတ်ယူသုံးစွဲရာပညာ ဘဏ်တိုက်ကြီးဟုဆိုလျှင်လည်း မမှားပေ။ လူတိုင်း စာတတ်မြောက်ရေးသည် ဤကမ္ဘာကြီးတွင်လိုအပ်လာသည့်အတွက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ၁၉ ရက်နေ့အထိ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကျင်းပခဲ့သည်။ စတင်ကျင်းပခဲ့သည့်စက်တင်ဘာလ ၈ ရက်နေ့ကို ယူနက်စကို အဖွဲ့ကြီးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လ ၈ ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ်ကျင်းပလာခဲ့သည်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် သက်တမ်း ၅၅ နှစ်ရှိလာပြီဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံပေါင်းများစွာသည် ကိုလိုနီနယ်ချဲ့တို့၏ ဗိုလ်ကျစိုးမိုးမှုအောက်တွင် နှစ်ပေါင်းများစွာခံခဲ့ရသည်နှင့်အမျှ ဒေသခံပြည်သူ များ၏ စာတတ်မှုနှုန်းမှာလည်း လျော့နည်းလာခဲ့သည်။ မြန်မာနိုင်ငံသည်ပင်ကိုလိုနီခေတ်မတိုင်မီက စာတတ်မြောက်မှုလွန်စွာ မြင့်မားခဲ့သော်လည်း ကိုလိုနီခေတ်တွင်မြန်မာတို့၏ စာတတ်မြောက်မှုနှုန်း လျော့နည်းကျဆင်းခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ် ရေးရပြီးသောအခါ နိုင်ငံအတွင်းစာတတ်မြောက်ရေးလှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် စမ်းသပ်ကာလအဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းခြောက်ခုတွင် အပြည့်အဝစာတတ်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ လူထုလှုပ်ရှားမှုအသွင်ဖြင့် အောင်ပွဲကြီးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အလေးထားအသိအမှတ်ပြုခဲ့သည်။ ယူနက်စကိုအဖွဲ့က မြန်မာနိုင်ငံစာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၇၁ ခုနှစ်တွင် မိုဟာမက်ရီဇာပါလဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာဆုများချီးမြှင့်ခဲ့ပါသည်။

လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလကိုယ်စီရှိရမည်ဖြစ်ပေရာ စာပေမတတ်ခြင်းသည် ဗလ အားလုံးကိုဆုံးရှုံးသည်နှင့်တူလေသည်။ စာပေမတတ်ခြင်းကြောင့် ဗဟုသုတ နည်းပါးသောအခါ အသိအလိမ္မာလျော့နည်းသည်၊ ပေါင်းသင်းဆက်ဆံရေးတွင်ခက်ခဲသည်။ စာတတ်သူများ၏ ခေါင်းပုံဖြတ်ခြင်းကိုခံရသည်။ လူမှုရေးတွင် ဝင်ဆံ့ရန်ခက်ခဲသည်။ စာမတတ်ခြင်းကြောင့် ကောင်းကျိုးဟူသည်မရှိဘဲ ဆိုးကျိုးများသာတိုးပွားနိုင်လေသည်။ စာမတတ်လျှင်အကန်းနှင့် တူသည်ဟူသော စကားသည် လွန်စွာမှန်ပေသည်။ ကကြီးခခွေးရေးထားတာရှိပါလျက် မဖတ်တတ်သောအခါ မျက်စိမမြင်သူကဲ့သို့ ဖြစ်နေပေ လိမ့်မည်။ ထို့ကြောင့် အကန်းနှင့်တူသည်ဟုနှိုင်းယှဉ်ပြခြင်းဖြစ်သည်။

ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်ပေရာ လူတိုင်းအင်တာနက် အသုံးပြုနိုင်သော အနေအထားဖြစ်သည်။ ဒစ်ဂျစ်တယ်ကွာဟမှုဆိုသည်မှာ နည်းပညာအသုံးပြုရာတွင် လုံလောက်သော အသိပညာဗဟုသုတ၊ နည်းပညာရှိသူများနှင့် နည်းပညာ အခွင့်အလမ်းမရှိသူများအကြား ကွာဟချက်ကိုဆိုလိုခြင်းဖြစ်သည်။ နည်းပညာနှင့် အင်တာနက် အသုံးပြုနိုင်မှု အခွင့် အလမ်းသည် ဒစ်ဂျစ်တယ်ကွာဟမှုလျှော့ချနိုင်ပြီး ပညာသင်ယူရာတွင် များစွာအထောက်အကူပြုစေသည်။ ထို့ကြောင့် စာတတ် မြောက်ရေးဖြင့် လူသားဗဟိုပြုပြန်လည်ထူထောင်ရေးအတွက် လူတိုင်းနည်းပညာကိုတတ်မြောက်စေသင့်သည်။ ကျွမ်းကျင်သူက မကျွမ်းသူကို နည်းပေးလမ်းပြလက်တွဲခေါ်ယူခြင်းဖြင့် ဒစ်ဂျစ်တယ်ကွာဟမှုကိုလျှော့ချသင့်ကြောင်း ယခုနှစ်နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ ဆောင်ပုဒ်ကညွှန်းဆိုခြင်း ဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လူ့ဘောင်သစ်ကို တည်ထောင် နေကြသည်။ စာမတတ်သူများ များပြားနေသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းကွာဝေးနေမည်သာဖြစ်သည်။ ပညာဗဟု သုတနှင့်ပြည့်စုံလျှင် ပြည့်စုံသလောက် နိုင်ငံ၏ အခြေအနေသည်တိုးတက်မည်။

ယနေ့နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ်ကလေးတိုင်း  ကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက်ရေးကို ဦးတည်ခြင်းဖြစ်သည်။ စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း အထိုက်အလျောက်လျော့နည်းမည်ဖြစ်သည်။ စာပေတတ်မှ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားသိမြင်နိုင်ပေမည်။ အကယ်၍ သင့်ပတ်ဝန်းကျင်တွင် စာမတတ်သူတစ်စုံ တစ်ယောက်ရှိနေမည်ဆိုပါက ထိုသူစာတတ်မြောက်အောင်ကူညီခြင်းဖြင့် ပညာဒါနပြုလိုက်ပါ။ သင်လည်းကုသိုလ်တိုးပွားမည် ဖြစ်သကဲ့သို့ တစ်ဦးတစ်ယောက်သည် စာပေတိုးပွားမည်ဖြစ်ပေရာ စာမတတ်သူပပျောက်ရေးအတွက် ကူညီပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။   ။