သတင်းပေး၍ ဆုကြေးယူကြပါ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  စက်တင်ဘာ  ၁  ရက်)

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်သာဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုစနစ်ခိုင်မာစေရန်၊ မပျက်မယွင်း မတိမ်းစောင်းစေရန်အတွက် ဖွဲ့စည်းပုံရေးဆွဲခဲ့သူ ပညာရှင်များက တပ်မတော်ကို အဓိကမဏ္ဍိုင်အဖြစ် ထည့်သွင်းရေးဆွဲခဲ့ကြသည်။ ထိုသို့ရေးဆွဲရသည်မှာလည်း မြန်မာနိုင်ငံတွင် ကျစ်လျစ်ခိုင်မာ အင်အားတောင့်တင်းသော အဖွဲ့အစည်းဟူ၍ တပ်မတော်တစ်ရပ်သာ ရှိနေခြင်းသည် အဓိကအချက်ဖြစ်သည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုသည်နှင့်အညီ တိုင်းပြည်တွင် အခက်အခဲကြုံတိုင်း တပ်မတော်က နိုင်ငံ့တာဝန်ကို ဦးဆောင် ထမ်းရွက်ပေးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ အရေးပေါ်အခြေအနေ ရောက်ရှိခဲ့ရသည့် ဖြစ်ရပ်မှန်သည်လည်း ထင်ထင်ရှားရှား ရှိပါသည်။ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ မစတင်မီကတည်းက သက်ဆိုင်ရာ အစိုးရနှင့်သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး သတိပေးခဲ့သည်။

ရွေးကောက်ပွဲမလုပ်မီ ရွေးကောက်ပွဲ အခင်းအကျင်းများ၊ မဲဆွယ်စည်းရုံးမှုများ၊ ကြိုတင်မဲဆန္ဒမဲ ပေးမှုများ တရားမျှတမှုမရှိကြောင်း တရားဝင်ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်အခါ ဒီဇင်ဘာ ၂၃ ရက်နေ့မှစ၍ မဲစာရင်း စစ်ဆေးတွေ့ရှိချက်များ အရ မဲမသမာမှုဖြစ်နေကြောင်း စာရင်းဇယားနှင့် စတင်ထုတ်ပြန်ပေးခဲ့သည်။

တပ်မတော် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး မီဒီယာများရှေ့တွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနှင့် ရှင်းလင်းပြသခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန်နည်းလမ်း၊ လွှတ်တော်က ဖြေရှင်းရန်နည်းလမ်း၊ အစိုးရကဖြေရှင်းရန် နည်းလမ်းများကို တပ်မတော်က တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်း လုံးဝမရှိခဲ့ပေ။ နောက်ဆုံးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူများကို စာရေးသား ပြောဆိုခဲ့သည်။ ဖြေရှင်းပေးခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဲမသမာမှုများနှင့် တက်လာသော လွှတ်တော်ကိုခေါ်ပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့သည်။

ထို့ကြောင့် အခြေခံဥပဒေအရ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းကာကွယ်ရခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်စဉ်အမှန် ဖြစ်ပေသည်။

မြန်မာနိုင်ငံရှိ လူငယ်အများစုသည် မိမိတို့လေ့လာ သိသင့်သော အရာများကို လေ့လာမှု အားနည်းခဲ့သည်။ အနိမ့်ဆုံးအဆင့် နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုခြင်း၊ ရုပ်မြင်သံကြားသတင်းများ နားထောင်ခြင်းများ ရှိသင့်သည်။ ထိုသို့ဆိုလျှင်ဖြစ်စဉ်မှန်၊ သတင်းမှန်ကို သိရှိကြပေလိမ့်မည်။ လူမှုကွန်ရက်ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းဖြင့် အချိန်များ ကုန်လွယ်စေသည်မှာ နှမြောဖွယ်ကောင်းလှသည်။ ပို၍ နှမြောဖို့ကောင်းသည်မှာ ထိုလူငယ်များသည် မဟုတ်မမှန် သွေးထိုးလှုံ့ဆော်၊ မြှောက်ပင့်ပေးသူတို့၏ မာယာကျော့ကွင်းတွင် ထိုးဝင်သွားကြခြင်းဖြစ်သည်။ ထိုအခါ အကြမ်းဖက် သမားအဖြစ်သို့ ရောက်ရှိသွားကြတော့သည်။

NLD ပါတီဝင်များ၊ အစွန်းရောက် ဝန်းရံသူများက လူငယ်တို့ကို စည်းရုံးကာ တောတွင်းသို့ ပို့ဆောင်လိုက်ကြသည်။ အမျိုးသမီး ငယ်ငယ်ကလေးများပင် ပါဝင်သည်။ လွှတ်တော် ကိုယ်စားလှယ်ဆိုသူများကလည်း နှစ်နှစ်ဆိုသည်မှာကြာလှသည့်အချိန်မဟုတ်။ ငါတို့သည် အမှန်တကယ် မဲမသမာမှုပြုထားခဲ့ပြီပဲ။ ထို နှစ်နှစ်ကို အေးဆေးညင်သာစွာ စောင့်မျှော်ပြီး ကောင်းမွန်စွာပြန်လည် ရွေးချယ်ခံမည်ဟူသော စဉ်းစားဉာဏ်မရှိဘဲဘဝတစ်သက်တာ ဒုက္ခရောက်စေမည့် အကြမ်းဖက် အဖျက်လမ်းစဉ်ကို ရွေးချယ်ကာ NUG, CRPH စသည်ဖြင့် နာမည်တပ်သည်။ လူငယ်များကို PDF ဟူသောနာမည်တပ်ကာ ဖျက်ဆီးလိုက်ကြသည်။

အဆိုပါအဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်က သတ်မှတ်လိုက်သည်။ အကြမ်းဖက်သမားဆိုသည်မှာ အကြမ်းဖက်မှု တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန် အားထုတ်သူကို လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှု ကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော် လည်းကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော် လည်းကောင်း အကြမ်းဖက်သမားဟု ဆိုလိုခြင်းဖြစ်သည်။ အကြမ်းဖက်သမားတို့သည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံစေရန်အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိသည်။

ထို့ကြောင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် လိုအပ်လာသည်။ ပြည်သူများလူမှုဘဝ လုံခြုံမှုအပြည့်အဝရှိစေရန်နှင့် စိုးရိမ်ကြောက်လန့်မှုများ ကင်းဝေးစေရန် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၊ အကြမ်းဖက် အုပ်စုဝင်တစ်ခုခု၏ အဖွဲ့ဝင်များမရှိစေရေး ဝိုင်းဝန်း ဖော်ထုတ်ပေးရမည်ဖြစ်သည်။ အကြမ်းဖက်တိုက်ဖျက်ရေးတွင် သတင်းရရှိရေးသည် လွန်စွာအရေးကြီးသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့် စပ်လျဉ်း၍ သတင်းပေးသူနှင့် ဖမ်းဆီးသူများအား ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သြဂုတ် ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထိုက်တန်သော ဆုကြေးရရှိမည့်အပြင် လူအများ စိတ်ချမ်းသာရေးကို ကောင်းကျိုးပြုသော အလုပ်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် သတင်းပေး၍ ဆုကြေးရယူကြပါရန် ရေးသား လိုက်ရပေသည်။    ။