အစဉ်အလာရှိသောတပ်မတော်

နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်စီအသီးသီးရှိကြသည်။ တပ်မတော်တစ်ရပ်ခိုင်မာစွာတည်ရှိနေမှသာ ထိုနိုင်ငံသည်လည်း အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲနေပေလိမ့်မည်။ ကမ္ဘာပေါ်တွင် ကျစ်လျစ်ခိုင်မာစွာတည်ရှိနေသောတပ်မတော်များ၌ မြန်မာ့ တပ်မတော်သည်တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံ့သမိုင်းကြောင်းနှင့် တပ်မတော်သမိုင်းကြောင်းသည် ထပ်တူထပ်မျှခွဲခွာ၍ မရနိုင်ပေ။ တပ်မတော်သည်မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်ပေါ်ပေါက်လာခဲ့ပြီး ရရှိထားသောလွတ်လပ်ရေးကြီး ပြန်လည် ဆုံးရှုံး မသွားစေရန်ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

ထို့ကြောင့်ရှေးအစဉ်အဆက်မှယနေ့တိုင် တပ်မတော်အစဉ်အလာ(၁၂)ရပ်ကိုသတ်မှတ်ခဲ့ကြသည်။ မျိုးချစ်တပ်မတော်ဖြစ်သည်၊ စည်းကမ်းကောင်းသောတပ်မတော်ဖြစ်သည်၊ သစ္စာရှိသောတပ်မတော်ဖြစ်သည်၊ စည်းလုံးညီညွတ်သောတပ်မတော်ဖြစ်သည်၊ စွမ်းရည်ရှိသော တပ်မတော်ဖြစ်သည်၊ စွန့်လွှတ်စွန့်စားသောတပ်မတော်ဖြစ်သည်၊ တစ်ဦးချင်းကိုယ်ကျိုးကို ပဓာနမထားသော တပ်မတော်ဖြစ်သည်၊ စိတ်ဓာတ်မြင့်မြတ်သော တပ်မတော်ဖြစ်သည်၊  အခက်အခဲကိုရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်သည်၊ အပင်ပန်းအဆင်းရဲခံနိုင်သည့် တပ်မတော်ဖြစ်သည်၊ ဇွဲ လုံ့လ ဝီရိယရှိသည့် တပ်မတော်ဖြစ်သည်၊ ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်းဦးထိပ်ပန်ဆင်သော တပ်မတော်ဖြစ်သည်။ သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်းလာသော အစဉ်အလာကိုယနေ့တပ်မတော်သားတို့သည်လည်းဆက်လက်ထိန်းသိမ်းနေဆဲဖြစ်သည်။

နောင်လာမည့်မျိုးဆက်များသည်လည်း ဤအတိုင်းပင် ကောင်းသောအမွေကို ဆက်လက်ထိန်းသိမ်းကြရပေလိမ့်မည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး၏ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်ရန် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်တပ်မတော် လေဆိပ်မှလေကြောင်း ခရီးဖြင့်ထွက်ခွာလာရာ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိခဲ့ကြသည်။ ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာမည်ဖြစ်ပေသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများစွမ်းရည်ပြိုင်ပွဲအပြင် ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ (Creative Competition)တွင်လည်း ဝင်ရောက် ယှဉ်ပြိုင် လျက်ရှိပါသည်။

အဆိုပါရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် ရိုးရာဝတ်စုံဖြင့်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦးချင်း သီဆိုဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ဒုတိယဆု၊ အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှုတွင် တတိယဆု တို့ အသီးသီးရရှိခဲ့သည်။ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ အနေဖြင့် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon(Division-2) ၌ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စု ပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်ခဲ့ ကြောင်း စက်တင်ဘာ ၁ ရက်နေ့သတင်းများအရသိရှိရသည်။

တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon(Division-2) ဗိုလ်လုပွဲစဉ်ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ ဆက်တီးယား၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ရာ တတိယ ဆု ရရှိခဲ့သည်။ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ  International Army Games-2021 ပြိုင်ပွဲ၏ တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon(Division-2) ကို ယခုအကြိမ်အပါအဝင် လေးကြိမ်မြောက်ပါဝင် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိအောင်စွမ်းဆောင်လျက်ရှိသည်မှာ တပ်မတော်အတွက် သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ် ဖြစ်သည်။ တပ်မတော်သားတို့သည် မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယများနှင့်အညီ တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာ မြင့်မားရေးအတွက် စွမ်းဆောင်ကြိုးပမ်းနေသည်များကို ဂုဏ်ပြုရေးသား လိုက်ရပေသည်။   ။