အတုအပကိုရှောင် ကျန်းမာအောင်နေပါ

အတုအပကိုရှောင် ကျန်းမာအောင်နေပါ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  စက်တင်ဘာ  ၅  ရက်)

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါမူကွဲ အသစ်များ ပျံ့နှံ့ပေါ်ပေါက်နေသောကြောင့် နိုင်ငံများ အားလုံးသည် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ နိုင်ငံအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်မှုနှင့် ကုသမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်မှုသည် အရေးကြီးပါသည်။ လူတိုင်းကိုယ်စီ အသိဖြင့် ကာကွယ်နိုင်မှ အောင်မြင်မှုရပေလိမ့်မည်။ ငါ့ကိုတော့ကူးစက်မှာ မဟုတ်ပါဘူးဟူသော အတွေးအမြင်မျိုးကို ပယ်ဖျောက်သင့်သည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား  ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသန တပ်နှင့်ပူးပေါင်း၍ အားဖြည့်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၈ ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၅ ဦးရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ၁၅ ဦးစလုံးတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variants of Concern) Delta မျိုးစိတ်ဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များ အရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိကြောင်း သိရှိရပါသည်။ Deltaမျိုးစိတ်သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့်ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်အား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များ အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်တွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးများ တွေ့ရှိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားပါသည်။

နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ မိမိတို့နေအိမ်တွင် အသက် (၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်နှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု လျော့နည်းပပျောက်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းရေးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံခြင်းများ နေ့စဉ်နေ့တိုင်း ထိုးနှံပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိအသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများမှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးလ်နှင့်ကိုဗက်ဆင်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ဆိုင်နိုဖမ်းနှင့်ဆိုင်နိုဗက်၊ ရုရှားနိုင်ငံထုတ် စပွန်နစ်ဗီတို့သာဖြစ်သည်။ ပြည်သူများအနေဖြင့် သတိပြုစေချင်သည်မှာ ကာကွယ်ဆေးထိုးခြင်း ကိစ္စရပ်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် အစိုးရမှခွင့်ပြုထားသော ကုမ္ပဏီများမှအပ အခြားမည်သည့်နေရာတွင်မျှ ကာကွယ်ဆေးကို မထိုးသင့်ပါ။ အိမ်နီးချင်းနိုင်ငံအချို့မှ သတင်းများနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး အတုများကို Online မှလည်းကောင်း၊ အခြားနည်းလမ်းများဖြင့် လည်းကောင်း ရောင်းချမှုများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအတုသည် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးကို တုပထားခြင်းဖြစ်ပြီး ဆေးပုလင်းတစ်လုံးလျှင် ၁ဝ ကြိမ်စာ ထိုးနှံနိုင်သည့် 5mlပုလင်းနှင့် ဆေးပုလင်းတစ်လုံးလျှင် လေးကြိမ်စာ ပါဝင်သည့် 2ml  ပုလင်းများကို အတုအပပြုလုပ် ရောင်းချနေခြင်းဖြစ်သည်။ ပြည်သူများ အနေဖြင့် မျိုးရိုးဗီဇကွဲများ ပေါ်ပေါက်နေသည်ကိုသတိပြုကာ သတ်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်သွားလာခြင်း၊ ကာကွယ်ဆေး အတုများကို ရှောင်ရှားခြင်းဖြင့် မိမိတို့ အသက်ရှင်သန်ရေးကို အလေးဂရုပြုကြပါရန် ရေးသားလိုက်ရပေသည်။   ။