သူရဲကောင်းလေးယောက်နှင့် ခရီးသည်

လူသားတစ်ဦးအဖြစ် မွေးဖွားလာသောအခါ ဘဝရှင်သန်ရပ်တည်ရေး အတွက် လူမှုဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ကြရသည်။ ထိုသို့ လုပ်ဆောင်ကြရာတွင် အချို့က ကျောင်းဆရာဖြစ်လာသည်။ အချို့က တပ်မတော်သား ဖြစ်လာသည်။ အချို့ကဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းဖြစ်လာသည်။ အချို့ကချမ်းသာကြ၍ အချို့ကဆင်းရဲသည်။ မွေးဖွားလာစဉ်မှ ကြီးပြင်းလာသည်အထိ မိမိတို့အရည်အချင်း၊ မိမိတို့ဝါသနာနှင့် ဘဝပေး အခြေအနေအရ လုပ်ငန်းတာဝန်များ ကွဲပြားသွားကြလေသည်။ တောင်သူလယ်သမား၊ အလုပ်သမား စသည် ဖြင့်လည်း ကွဲပြားသွားကြသည်။ လောကတွင် ဘဝရပ်တည်ရေး အတွက် လူတိုင်းနေ့စဉ် အလုပ်လုပ်နေ ကြရသည်။ ထိုသောအခါ မိမိတွင်  သူရဲကောင်း လေးယောက်လိုအပ်လာပြီ ဖြစ်သည်။ စာရေးဆရာမ ငွေတာရီ၏ လူကြိုက်များသော ကဗျာတစ်ပုဒ် ၏ခေါင်းစဉ်မှာ ''သူရဲကောင်းသုံးယောက်နှင့် ခရီးသည်'' ဖြစ်သည်။ ''စုံရိပ်မြိုင်ဆွယ် ကန္တာလယ်မှာ အဖော်မပါဘဲ ခရီးသွားနေတဲ့ အသင်လူသား-ကြောက်စရာ မကောင်းပါလား'' အမေးဖြင့် ကဗျာကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ကြောက်စရာ မလိုကြောင်း ပြန်ပြောပုံကို ''ဤသို့မေးသော်၊ ရွှင်အေးကြည်သာ၊ ပြုံးမျက်နှာဖြင့်၊ အို ဘာကိုထောက်၊ ကြောက်ရမလဲ၊ သဟဲဖော်ညှိ၊ သတ္တိရှိပြီ၊ ချစ်သည့်သဟာ၊ ဇွဲလည်းပါ၍၊ မကွာထပ်လောင်း၊ ငယ်ကပေါင်းသည့်၊ ဆွေကောင်းလုံ့လ၊ တူတကွတည့်၊ ဘေးကတူယှဉ်၊ ပါခဲ့လျှင်သော်၊ ငါ့တွင်သေချာ၊ အောင် ဖို့ရာတည့်'' ဟူ၍အဖြေပေးခဲ့သည်။ ကဗျာဆရာက တော်လိုက်တာ၊ သင့်မှာသုံးဖော်ဆွေပါနေပြီမို့ ဘာပဲလုပ်လုပ် အောင်မြင်မှာ သေချာသွားပြီ ပြောရင်း ကဗျာကို အဆုံးသတ်ထားသည်။ လူတစ်ဦးတစ်ယောက် ဘဝတွင် သတ္တိ၊ ဇွဲ၊ လုံ့လဟူသော သူရဲကောင်း သုံးယောက်နှင့် ခရီးသွားနေလျှင် မည်သည့်ကိစ္စမဆို အောင်မြင်မှာ သေချာပါသည်။ ဤသည်ကား လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေးဖွဲ့ခဲ့သော ကဗျာ၏ ဆိုလိုရင်းနှင့် လူသားများလက်တွေ့ကျင့်ကြံရန် လမ်းညွှန်ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် သူရဲကောင်း သုံးယောက်နှင့် ခရီးသွားရန် မလုံလောက်တော့ပါ။ (ဤသို့ဆိုလိုက်သဖြင့် ဆရာမငွေတာရီကို ပြက်ရယ်ပြုခြင်း မဟုတ်ပါ။) လွန်ခဲ့သော နှစ်ပေါင်းများစွာက လူသားတို့အတွက် ရောဂါဘယ အနေအထားမှာ ယနေ့ချိန်ခါလောက် ဆိုးရွားခဲ့သည် မဟုတ်ပါ။ သဘာဝ အရင်းအမြစ်နှင့် ထုတ်လုပ်သည့် အသီးအနှံ များကိုသာ စားသုံးသည့်အတွက် ရောဂါမျိုးစုံလင်စွာ မကျရောက်ခဲ့ပါ။ ယနေ့ချိန်ခါတွင်  ကမ္ဘာတစ်ဝန်းလုံးကို ဒုက္ခပေးနေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် တစ်ကမ္ဘာလုံး စိတ်သောက ရောက်နေကြရသည်။ ဇူလိုင် ၂၄ ရက်နေ့အထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဆိုင်ရာ ဗိုင်းရပ်ပိုးကူးစက်ခံရသူ ၁၅၆၈၃၄၆၄ ဦး၊ သေဆုံးသူ ၆၃၇၂၁၄ ဦး၊ ပြန်လည်သက်သာလာသူ ၉၅၆၇၉၅၆ ဦးရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ကျောင်းများပြန်လည် ဖွင့်လှစ်သည် ဆိုသော်လည်း  ကျောင်းအားလုံး မဖွင့်နိုင်သေးပါ။ ကျန်းမာရေး ကောင်းမွန်ရေးအတွက် လူသားတို့ ကြိုးစားနေကြရပြီဖြစ်သည်။ လူ့ဘဝခရီးတွင် သူရဲကောင်း သုံးယောက်နှင့် သွားလာခြင်းအပြင် ကျန်းမာရေး ကောင်းမွန်ခြင်းဆိုသော သူရဲကောင်း တစ်ဦးလိုအပ်လာပြီဖြစ်သည်။ ထို့ကြောင့် သူရဲကောင်းလေးယောက်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ပြည်သူလူထုအတွက် သူရဲကောင်းတစ်ဦးကို တပ်မတော်က လိုက်လံဖြည့်ဆည်း ပေးလျက်ရှိသည်။ ပြည်သူလူထု ကျန်းမာရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နယ်လှည့်ဆေးကုသရေး အဖွဲ့များက နေရာဒေသမရွေး လှည့်လည်ဆောင်ရွက် ပေးလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါ ကျရောက်လာသော အခါတွင်လည်း COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဆက်လက်ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးဆက်ကပ်လှူဒါန်းခြင်း၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်း၊ အာဟာရဖြည့်စွက် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ ပြည်သူ့ဆေးရုံများတွင်  တက်ရောက်နေသည့်လူနာများ၊  လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန် ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန်  သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံပြီး Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်မြောက် သူများကို သက်ဆိုင်ရာနယ်မြေများ အရောက် တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့်  ပို့ဆောင်ပေးလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများအတွက်  သောက်သုံးရေများ၊ ထမင်းဘူးများနှင့်စားသောက်ဖွယ်ရာများ  ပေးအပ်လှူဒါန်းသည့် အပြင် ကျန်းမာရေးေ စာင့်ရှောက်မှု များကိုလည်း  ဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ လူသားတို့၏ ဘဝခရီး တစ်လျှောက်တွင် ကျန်းမာရေး ကောင်းမွန်ခြင်း သူရဲကောင်းတစ်ယောက် လိုအပ်မှုကို တပ်မတော်က ဖြည့်ဆည်းနေခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။