သစ္စာ စောင့်သိခြင်းဖြင့် နိုင်ငံတော်ကို အလှဆင်ပါသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၅ ရက်)

ဤလောက၌ သစ္စာတရားသည် အထူးပင်လေးနက်သည်။ မှန်မှန်ကန်ကန်ပြောဆို လုပ်ကိုင်ခြင်းသည် ချက်ချင်း မျက်မှောက်ကောင်းကျိုးကိုပေးသည်။ ဘုရားလောင်းသည် ငုံးမင်းဖြစ်စဉ် မှန်သောသစ္စာ စကားကိုဆိုသောကြောင့် ငုံးမင်းနေသော တောအုပ်ကို မီးကွင်းသည်။  သုဝဏ္ဏလျှံ သတို့သားသည် မြားမှန်၍ မြားဆိပ်တက်ကာ သေလုမြော ပါးဖြစ်နေစဉ် မိဘနှစ်ပါးနှင့် ဗဟုသုန္ဒရီ နတ်သမီးတို့ သစ္စာပြု၍ အသက်မှ ချမ်းသာခဲ့လေသည်။ ထူးဆန်းသော ဖြစ်ရပ်တစ်ခုမှာ  ဓမ္မာသောကမင်းကြီး လက်ထက် ပြည့်တန်ဆာမသည် မှန်သောစကားကို သစ္စာဆို၍ ဂင်္ဂါမြစ်ရေ အညာသို့ဆန်၍ စီးဆင်းသည်။

အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလဟူသော တော်လေးဝဝင် အမျိုးသမီးတစ်ဦးတွင် ပါဝင်သော သမ္ဘူလသည်  မှန်သော သစ္စာစကားကိုဆို၍ ရေသွန်းလောင်းရာ သောတ္ထိသေန အိမ်ရှေ့မင်းတွင် စွဲကပ်နေသောရောဂါများ ချက်ချင်း ကင်းပျောက်သွားခဲ့သည်။ ရှေးအခါက တရုတ်နိုင်ငံ၌ တရုတ်မင်းတို့သည် မှန်သောစကားကို ဆို၍ အရှေ့သမုဒ္ဒရာ ရေမျက်နှာပေါ်ကို ရထားဖြင့် သွားနိုင်သည်။ ငါးရံ့မင်းသည် မှန်သောသစ္စာစကားကို ဆို၍ မိုးကိုရွာစေနိုင်သည်။

ထို့ကြောင့် ယောမင်းကြီးဦးဖိုးလှိုင်က သူ၏ရာဇဓမ္မသင်္ဂဟကျမ်းတွင် ''လောက၌ ကံအရာကို ချန်ထား၍  သစ္စာဖြင့် မပြီး နိုင်သော အမှုမည်သည်မရှိ'' ဟူ၍ရေးသားထားခဲ့သည်။ သစ္စာတရား၏ လေးနက်ပုံ၊ မှန်သော သစ္စာသည် ကောင်းသော အကျိုးတရားကို ပေးပုံတို့မှာဖော်ပြ၍မကုန်နိုင်အောင်များပြားလှပေသည်။ ခေတ် အဆက် ဆက်  အမျိုးကိုချစ်သော မြန်မာတို့သည် မြန်မာနိုင်ငံအပေါ်တွင်သစ္စာတရားထားရှိခဲ့သည်။

အမျိုးဘာသာ သာသနာမကွယ်ပျောက်အောင် သစ္စာတရား လက်ကိုင်ထားလျက် ဆောင်ရွက်ခဲ့ကြသည်။  အလောင်း မင်းတရား ဦးအောင်ဇေယျသည်ပင် သူ၏တိုက်ပွဲမှန်သမျှ တိုက်ပွဲမစမီ သစ္စာဆို၍ တိုက်ပွဲဝင်ခဲ့ကြောင်း သိရှိရသည်။ မှန်ကန်သောသစ္စာတရားကြောင့်  တိုက်ပွဲတိုင်းအောင်မြင်ခဲ့၍  ကုန်းဘောင်ခေတ်တတိယ မြန်မာနိုင်ငံ တော်ကြီးကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့တပ်မတော်သားတို့သည် ရှေးခေတ်က  မြန်မာသူရဲကောင်းများနည်းတူ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာစောင့်သိလျက်ရှိသည်။ တပ်မတော်သားတို့သည် နံနက်နှင့်ညနေအချိန်များ တွင်တန်းစီ၍ သစ္စာလေးချက်ကို ရွတ်ဆိုကြရသည်။ သစ္စာလေးချက်ကိုရွတ်ဆိုပြီးမှသာ ပုံမှန်လုပ်ငန်းခွင် ဝင်ကြရသည်။ အလုပ်ခွင်မှတန်းဖြုတ် ချိန်တွင် လည်း သစ္စာလေးချက်ကို ညီညီညာညာရွတ်ဆိုကြရသည်။ တပ်မတော်၏အစဉ်အလာ ၁၂ ရပ်တွင် သစ္စာရှိသော တပ်မတော်ဖြစ်သည်ဟူ၍ပါရှိသည်။

သစ္စာတရားနှင့်ပတ်သက်လာလျှင် ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်။ ငါတို့ သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်ဟူ၍သစ္စာဆိုထား ကြသည်။ ကျင့်ဝတ် ခြောက်ဆယ်တွင်လည်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ။ အကြီးအကဲများအပေါ် တော်တည့် မှန်ကန်စွာသစ္စာစောင့်ပါ။ ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အဝယုံကြည်အားကိုးပါ။ ရဲဘော် အချင်း ချင်း အပေါ် သစ္စာစောင့်သိပါ။ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ စသည်ဖြင့် သတ်မှတ်ချက်အတိုင်း တပ်မတော်သားတို့ လိုက်နာကျင့်ကြံကြရသည်။

သစ္စာရှိခြင်းသည် ထားရှိသောနှုတ်ကတိ ပဋိညာဉ်များကို မှန်ကန်စွာလိုက်နာခြင်းမျှသာ မဟုတ်ပါ။

ချိန်းချက်သောအချိန်ကို တိကျစွာလိုက်နာရုံမျှလည်းမဟုတ်ပါ။ အပြောအဆိုနှင့်အပြုအမူ၊ ရည်မှန်းချက်နှင့် အား ထုတ်မှု၊ အဓိဋ္ဌာန်နှင့် လုပ်ငန်း စသည်တို့ တိုက်ဆိုင်ညီညွတ်ရန်လိုပေသည်။ ဤသည်မှာ အခြားသူအပေါ် သစ္စာရှိခြင်းထက် မိမိ တိုးတက်ခြင်းကိုလည်း မြှင့်တင်နိုင်လေသည်။ ''သစ္စာဟူငြား၊ မှန်တရားလည်း၊ တိမ်းပါးမရှိ၊ မြဲစေဘိလော့၊ တောင်ရှိမပြို၊ မယိမ်းယိုနှင့်'' ဟု မန်လည်ဆရာတော်က ဖွဲ့ဆိုထားသည်။

အင်းဝခေတ်က အသက် ၁၃ နှစ်အရွယ် ငထင်ငယ်၏ သစ္စာတရားကြီးမားပုံသည် အတုယူဖွယ်ဖြစ်သည်။ အင်းဝဘုရင် အနောက်ဘက်လွန်မင်းသည် တစ်ပြည်လုံးစည်းလုံးညီညွတ်စေရန်အတွက် ပြည်မြို့ကိုသိမ်းပိုက် တိုက်ခိုက်သည်။ ပြည်ဘုရင်နှင့်တကွ မှူးမတ်၊ ရဲမက်တို့လက်နက်ချ၍ အညံ့ခံနေသော်လည်း ပြည်ဘုရင်၏ အမှုထမ်းငထင်ဆိုသောသူငယ်သည် ကျေးဇူးသစ္စာစောင့်သိစွာဖြင့်သေရလျှင် ''ငါ့အရှင် ရာဇပလ္လင်တွင် သေပေ စေတော့၊ ငါ့အရှင်ကိုငါသေ မှသာ ထိပါးရမည်''ဟူ၍ ရန်သူတို့ကို ဓားတစ်ဖက် တစ်စင်းနှင့် ဆက်လက်ခုခံနေ သည်။ အနောက်ဘက်လွန်မင်းသည်အင်းဝသို့ရောက်သည့်အခါ ''ငါသည် ပြည်မြို့ကို သိမ်းရာမှာ ရှင်တစ်ဆူ၊ လူတစ်ယောက် သာရတော်မူသည်''ဟု မိန့်တော်မူသည်။  ရှင်တစ်ဆူ ဆိုသည်မှာ တိပိဋကလင်္ကာရ တောင်ဖီလာ ဆရာတော်ကို ဆိုလိုပြီး လူတစ်ယောက်မှာ''ငထင်''ကို ဆိုလိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သမိုင်းတွင် သစ္စာတရားကို ဦးထိပ်ပန်ဆင်ထားသော လူပုဂ္ဂိုလ်များ များစွာပေါ်ထွန်းခဲ့သည်။ ယနေ့တိုင်လည်း ပေါ်ထွန်းနေဆဲဖြစ်သလို အနာဂတ်တွင်လည်း ပေါ်ထွန်းနေဦးမည်ဟု ယုံကြည်မိသည်။ တပ်မတော်သား တို့၏ ခိုင်မာသော သစ္စာတရားမှာ တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော့မှ သစ္စာ မဖောက်ခြင်းဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာကို သစ္စာစောင့် သိခြင်းဖြင့် နိုင်ငံတော်ကို အလှဆင်လျက်ရှိပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။   ။

။။။။။။။။။။။။။။။