ဘာသာ သာသနာ တည်တံ့ခိုင်မြဲရေး ကြိုးပမ်း လုပ်ဆောင်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၈ ရက်)

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုထင်ထင်ရှားရှားစတင်ကိုးကွယ်ခဲ့သည်မှာ ပုဂံခေတ်အနော်ရထာမင်း လက်ထက်က ဖြစ်သည်။ လွဲမှားသောအရည်းကြီး အယူဝါဒများကို ကွယ်ပျောက်စေ၍ ဗုဒ္ဓဘာသာကိုရှင်သန် တည်တံ့စေခဲ့သည်။ အနော်ရထာမင်းလက်ထက်က အမွေအနှစ်ကို ကျန်စစ်သားမင်းက ဆက်လက်ထိန်းသိမ်း ခဲ့သည်။ ကျန်စစ်သား မင်း၏ အမွေအနှစ်ကို မြေးတော် အလောင်းစည်သူမင်းက ဆက်လက် ထိန်းသိမ်းခဲ့သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့သော ဘုရားပုထိုးစေတီများမှာ လက်ညှိုး ထိုး မလွဲအောင်ပင် များပြားလှပေသည်။ ဖောင်တော်ဦးစေတီ၊ ဖောင်တော်ချက်မစေတီ၊ ဖောင်တော်သီ စေတီ စသည်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ဖောင်တော်ဆိုက်ရာ ဒေသများ၌ ဘုရားစေတီတည်ထားခဲ့ခြင်းဖြစ် သည်။

မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့ မင်းကန်ရွာရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော မိုးကောင်း စေတီတည်ရှိရာ တောင်နီအေးဘုန်းတော်ကြီးကျောင်းမှ မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်းနှင့် မြင်းခြံ- တောင်သာကားလမ်း အနီး ၁၇၈၈ ပေအမြင့်ရှိ  တောင်သာတောင်ပေါ်တွင် အလောင်း စည်သူမင်းကြီး တည်ထား ကိုးကွယ်ခဲ့သည့်ဖောင်တော်ဦး ဘုရားသို့ တက်ရောက်ဖူးမြော်နိုင်သော တောင်တက် လမ်းအဆင့်မြှင့် တင်ခြင်း၊ ဂန္ဓကုဋိတိုက် အမိုးပြုပြင်ခြင်း၊ ကွန်ကရစ်လမ်း ခင်းခြင်းတို့အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို သြဂုတ် ၂၅ ရက်နံနက်ပိုင်းတွင် ပြည်လုံးအောင်ချမ်းသာ ဓမ္မဗိမာန် တော်ကြီးနှင့် တောင်နီအေး ဘုန်းတော်ကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ တောင်နီအေးဘုန်းတော် ကြီး ကျောင်းမှ တောင်သာ- မလှိုင်ကားလမ်းသို့ ဆက်သွယ်ထားသည့် မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်း အတွက် အလှူငွေ ၃၂၄ သိန်းပေးအပ်လှူဒါန်းရာ ကျေးရွာရပ်မိရပ်ဖ နှစ်ဦးက လက်ခံရယူသည်။ ထိုမှတစ်ဆင့် တောင်သာ တောင်ပေါ်တွင် သီတင်းသုံးလျက်ရှိသည့် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသီလာစာရအား ဖူးမြော် ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ တောင်သာမြို့ ကျောင်းသစ် ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗဟိုသံဃာ့ဝန်ဆောင် မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူး ပြုသော မြို့နယ် သံဃနာယက ဆရာတော်ကြီး ၂၃ ပါးတို့ကို ဖူးမြော်ကြည်ညိုသည်။ ထိုမှတစ်ဆင့် ပြည်လုံး အောင်ချမ်းသာ ဓမ္မဗိမာန်တော်ကြီးတွင် တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုအားပေးပြီး မျက်စိဝေဒနာရှင်များအား ဆေးမျက်မှန်များတပ်ဆင် လှူဒါန်းခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဖောင်တော်ဦးဘုရားတောင်တက်လမ်း အဆင့်မြှင့်တင်နိုင်ရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့်စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် ဘိလပ်မြေ များနှင့် အလှူငွေ ကျပ် ၅ဝ၄ သိန်းအား ပေးအပ်လှူဒါန်းရာ အကျိုးဆောင်အဖွဲ့မှတာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။ ထို့ပြင် တောင်သာမြို့ ကျန်းမာရေးဌာနသို့ COVID-19ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ် ရာများကို လည်းကောင်း၊ တောင်သာမြို့ပညာရေးဌာနသို့ COVID-19ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်း များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊  တောင်သာမြို့ ဘိုးဘွား ရိပ်သာသို့ စားသောက် ဖွယ်ရာ များကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် မည်သူမဆို မိမိတိုင်းပြည်တိုးတက်မှုကို လိုလားကြမည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၈၇ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်သည်။ အခြားကိုးကွယ်သည့် ဘာသာများ ကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားသည်။ အမျိုးဘာသာသာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အမျိုးသားရေး စရိုက်လက္ခဏာကို မှန်မှန်ကန်ကန်နှင့် တန်ဖိုးထား ထိန်းသိမ်းစောင့် ရှောက်သူများ ရှိနေရန် လိုအပ်လာသည်။ တပ်မတော်သည် ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊  ဘာသာ သာသနာအရေး များတွင် ကူညီ ဆောင်ရွက်ပေးနေသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုကြောင့် ဒေသခံများအတွက် များစွာသော ကောင်းကျိုး သက်ရောက်လျက်ရှိသည်။ ဒေသခံ ရပ်မိရပ်ဖများ၏ ကျေးဇူးတင်စကားတွင် ''တပ်မတော်မှ ယခုကဲ့သို့လာရောက် လှူဒါန်းဆောင်ရွက်ပေးခဲ့သည့်အတွက် ဘုရားဖူးကုသိုလ် ယူရာတွင် ပိုမို သွားလာရလွယ်ကူ စေသည့်အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း လာရောက်မည်ဖြစ်သဖြင့် ဒေသအကျိုးကို ဖြစ်ပေါ်စေ မည်ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များအနေဖြင့် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို ကျန်းကျန်းမာမာဖြင့် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း၊ အမျိုးဘာသာ၊ သာသနာကိုကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေကြောင်း''ပြောကြားခဲ့သည်။ တပ်မတော်သည် ပြည်သူ့အတွက် ဆိုစကား နှင့်အညီ ဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် နေမည်သာဖြစ်ပါ ကြောင်း ရေးသားလိုက်ရပေသည်။   ။