ငြိမ်းချမ်းရေးမဝေးတော့ပါ

ငြိမ်းချမ်းရေးမဝေးတော့ပါ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်  နယ်မြေဒေသအလိုက်   တိုင်းရင်းသားလူမျိုးများ၏ အမည်သတ်မှတ်ထားသော်လည်း ဒေသတစ်ခုထဲတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း သီးခြားနေထိုင်သော နယ်မြေဟူ၍မရှိပေ။ ကချင်ပြည်နယ်တွင်လည်းကောင်း၊ ကရင်ပြည်နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တွင်လည်းကောင်း အမည်တပ်ထားသော လူမျိုးတစ်မျိုးတည်းမဟုတ်ဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည်ဖြင့်လူမျိုးများ စုပေါင်းနေထိုင်ခြင်းဖြစ်သည်။ ဤသို့နေထိုင်ခဲ့သည်မှာလည်း ရှေးနှစ်ပေါင်းများစွာကတည်းကပင်ဖြစ်သည်။

မြန်မာနိုင်ငံသည်သာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့၏ လွှမ်းမိုးအုပ်ချုပ်ခြင်းမခံခဲ့ရပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာ ရေကိုသား၍ အကြားမထင်သကဲ့သို့ရှိနေပေလိမ့်မည်။ နယ်ချဲ့ကိုတော်လှန်တိုက်ခိုက်သော စစ်ပွဲများတွင် တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့တို့သည် မြန်မာနိုင်ငံကိုကြာရှည် သိမ်းပိုက်ထားနိုင်ရေးအတွက် တိုင်းရင်းသား အချင်း ချင်းကို သွေးခွဲအုပ်ချုပ်ခဲ့သည်။ တောင်ပေါ်မြေပြန့်စသည်ဖြင့်ခွဲခြားခဲ့သလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင်လည်းကောင်း၊ စစ်မှုရေးရာ တွင်လည်းကောင်း ဗမာလူမျိုးများကို ဦးစားပေးခန့်ထားခြင်း မရှိခဲ့ပေ။

မြန်မာတိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုကြောင့် မဖြစ်မနေလွတ်လပ်ရေးပေးရတော့မည့် အခြေအနေတွင်ပင် နယ်ချဲ့တို့ ဆန္ဒမှာ တောင်တန်းဒေသကိုဆက်လက်လွှမ်းမိုးထားချင်သေးသည်။ မြန်မာတိုင်းရင်းသားတို့ကလည်း တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တစ်ပြေးညီ လွတ်လပ်ချင်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့်တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင်  လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်၏အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့် ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည် ရယူနိုင်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မကြာမီကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး  ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်မှုယန္တရားများအား  နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ငါးလကြာ ထပ်မံ တိုးမြှင့်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်ဟူ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဤထုတ်ပြန်ချက်သည် တစ်နိုင်ငံလုံးအတွက်ဝမ်းသာဖွယ်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး အေးချမ်းတည်ငြိမ်ဖွံ့ဖြိုး တိုးတက်ရေးသည် ပြည်သူတစ်ရပ်လုံး၏မျှော်လင့်ချက်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာစေရေးကို လိုလားသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော်နေထိုင်လျက်ရှိရာ နိုင်ငံအတွက်အရေးကြီးဆုံးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မြဲရေးပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူပြီးသည့် အချိန်မှစ၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကိုချမှတ်ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းစဉ်နှင့် ဦးတည် ချက်တို့၌ “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟုအတိအလင်း ကြေညာထားခဲ့ပြီး ၎င်း အတိုင်းလုပ်ဆောင်လျက်ရှိသည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ယနေ့အထိ အကြိမ် ၂၀ ထုတ်ပြန်ခဲ့သည်။ နှစ်နှစ်နှင့်ကိုးလကျော် အချိန်ပေး၍ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပြီး ယခုတစ်ဖန် ငါးလကြာထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်းကောင်း၊ ပြည်သူများအနေဖြင့်လည်းကောင်း မိမိတို့နေထိုင်သောနိုင်ငံကို ဖွံ့ဖြိုးတိုးတက် သာယာအေးချမ်းစေချင်သောစိတ်နှင့် မိမိတို့မှာလက်ဆင့်ကမ်းရမည့် မျိုးဆက်သစ်တို့၏ဘဝအေးချမ်းစေသော စိတ်ရှိကြပေ လိမ့်မည်။ ထို့ကြောင့် မိမိတို့နေထိုင်သော မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက် အားလုံးကပူးပေါင်း ပါဝင်ဆောင်ရွက် ကြမည်ဆိုလျှင် ငြိမ်းချမ်းရေးမဝေးတော့ပါကြောင်း ရေးသားလိုက်ရပေသည်။  ။