တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ဦးတည်ဆောင်ရွက်

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ဦးတည်ဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၃ ရက်)

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးသည် လူသားတစ်ဦး၏ ဘဝကဲ့သို့ပင် ဝင်ငွေများပြီး ထွက်ငွေနည်းပါးမှသာ ဖွံ့ဖြိုးတိုးတက်ပေမည်။ မလိုအပ်တာ မဝယ်ဘဲ အလုပ်ကိုကြိုးစား လုပ်ဆောင်ကာ ဝင်ငွေရအောင် လုပ်ဆောင်မည် ဆိုပါက လူတိုင်းချမ်းသာစွာ နေထိုင်ကြရမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတစ်ခုသည်လည်း ထိုနည်းအတိုင်းဖြစ်ပါသည်။ ပြည်ပမှ သွင်းကုန်များ တင်သွင်းနေရခြင်းထက်  ပြည်ပသို့ပို့ကုန် ပိုမိုတင်သွင်းနိုင်မည် ဆိုလျှင် နိုင်ငံသည်ဖွံ့ဖြိုး တိုးတက်မည်။ ပြည်ပမှသွင်းကုန်များ တင်သွင်းရခြင်းကြောင့် နိုင်ငံခြားငွေများ သုံးစွဲနေရသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့်  ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အဓိက ဦးတည်ဆောင်ရွက်နေပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်မှုကို လုပ်ဆောင်လျက်ရှိရာတွင် ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လိုပေသည်။ ၂ဝ၂ဝ ပြည့်နှစ်မတ်လတွင် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်လာမှုကြောင့်  ခရီးသွားလုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် အချို့သော ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ လုပ်ငန်းများ စွမ်းဆောင်ရည် ကျဆင်းခဲ့သည့်အတွက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် တတိယ သုံးလပတ်မှစတင်ကာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်ယူခဲ့ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို မူဝါဒအဖြစ်ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးအရ ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းနေသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်ဦးမော့ပြီး သွက်လက်မြန်ဆန် လာစေရေးအတွက် အတတ်နိုင်ဆုံး အလေးထား ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ   လွတ်မြောက်ရေး အတွက် သတ်မှတ်ထားသည့် စံနှုန်းများ ဆက်လက်ပြည့်မီရေးကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတွင် အခြေခံအကျဆုံးမှာ တိုင်းသူပြည်သား လူအများတို့၏ စားဝတ်နေရေး ဖူလုံရေးဖြစ်သည်။ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းမြောင်းလာနိုင်လျှင် ဆင်းရဲမှု လျော့ကျသွားမည်ဖြစ်သည်။ နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များသည် တိုင်းပြည် သာယာဝပြောရေးနှင စားရေရိက္ခာ ဖူလုံပေါများရေးကို ရှေးရှုနေခြင်းဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်လျက်ရှိသည်။ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးကောင်းမွန်မည်။ စီးပွားရေးကောင်းမွန်မှ လူမှုဘဝများ သာယာပေမည်။ တိုင်းပြည်စည်ပင်သာယာ ဝပြောရေးတွင် ဘက်ပေါင်းစုံမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်းဆိုခြင်းဖြစ်သည်။ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရန်ကြိုးစားပြီး အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မည်ဆိုပါက ဝင်ငွေများ တိုးတက်ရရှိစေမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် မဖြစ်မနေ ထားရှိမည့်စိတ်ဓာတ်သည် ငါ့နိုင်ငံတော်ငါ့နိုင်ငံသား တို့တိုးတက်ကြီးပွားရေးအတွက် ငါတတ်စွမ်းသည့်ဘက်မှ ပါဝင်ဖြည့်ဆည်း လုပ်ဆောင်မည်ဟူသော စိတ်ဓာတ်ရှိရန် လိုအပ်သည်။ ထိုစိတ်ဓာတ်သည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ခြင်းဖြစ်သည်။ ထိုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီကြိုးစားကြမည်ဆိုလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးသည် ပီပီပြင်ပြင် အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

မိမိတို့တက်ညီလက်ညီနှင့် ကြိုးစားအားထုတ် လုပ်ဆောင်မည်ဆိုပါက အာဆီယံတွင် အလယ်အလတ် အဆင့်ရှိနိုင်ငံအဖြစ် ငါးနှစ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်ပြီး ၁ဝ နှစ်အတွင်းတွင် အာဆီယံ ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး လူသားအရင်းအမြစ်များ၊ စုစည်းညီညွတ်သည့် စိတ်ဓာတ်များ၊ မြေပေါ်၊ မြေအောက်သယံဇာတများကို ပေါင်းစည်းအသုံးပြုနိုင်မည် ဆိုပါက မဖြစ်နိုင်စရာ အကြောင်းမရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၂ ရက်နေ့တွင်  ကျင်းပခဲ့သော အမျိုးသားစီမံကိန်း ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂ဝ၂၁) တွင် လမ်းညွှန်ပြောကြားခဲ့သည်ကို အလေးအနက်ထားလျက်  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်ကြပါရန်  ရေးသားလိုက်ရပေသည်။   ။