အယ်ဒီတာ့အာဘော် (၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၄  ရက်) လူငယ်တို့အတွက် ကာကွယ်ဆေးနှင့်ပညာရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၄  ရက်)

လူငယ်တို့အတွက် ကာကွယ်ဆေးနှင့်ပညာရေး

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် အသက် ၁၂  နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။

ထိုးနှံပေးမည့်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၁၂ ရက်ထိ ပထမအကြိမ်အဖြစ်လည်းကောင်း၊  နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ထိ ဒုတိယအကြိမ်အဖြစ်လည်းကောင်း အကျုံးဝင်သူအားလုံးတစ်ဦးတစ်ယောက်မျှမကျန်အောင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်လွှတ်မခံသင့်သော အခွင့်အရေးဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိရှိပညာသင်ကြားနိုင်ရေး အတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ်တွင် မိဘ၊ ဆရာ၊ ကျောင်းသားအားလုံးပူးပေါင်းပါဝင်ခြင်းဖြင့် ကောင်းသောအကျိုးတရားများသာဖြစ်ပေါ်လာပါမည်။ ကိုဗစ်-၁၉  ရောဂါကို ကြိုတင် ကာကွယ်ထားခြင်းဖြင့် တပည့်သားသမီးတို့၏ စဉ်ဆက်မပြတ်ပညာသင် ကြားရေးခရီး လမ်းသည် ဖြောင့်တန်းနေမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါသည် ကမ္ဘာ မြေပြင်မှ ပျောက်ကွယ်သွားမည့်လမ်းစမတွေ့မမြင်သေးသည့်အတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို မပျက်မကွက်ခံယူ ကြရန်လိုအပ်ပါသည်။

လူသားတို့ဘဝတွင် ကျန်းမာရေးသည် သစ်ပင်တစ်ပင်၏ ရေသောက်မြစ်နှင့် ပမာတူပါ သည်။ သစ်ပင်တွင် ရေသောက်မြစ်မရှင်သန်လျှင် ထိုအပင်သည်ကြီးထွားရှင်သန်ရန် တုံ့နှေးနေမည်ဖြစ်သည်။ ထို့အတူ လူသားတို့ဘဝတွင် ကျန်းမာရေးမကောင်းလျှင် ယင်းနှင့်ဆက်နွှယ်နေသော ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့မှအစပြုကာ ဘဝ တက်လမ်းတိုးတက်မြင့်မားရေးကို တုံ့နှေးစေမည်ဖြစ်ပြီး နောက်ဆုံးအဆင့်မှာ အသက်ရှင် သန်ရန်ပင်ခက်ခဲပါလိမ့်မည်။ ကာကွယ်ဆေးကို အချိန်မီထိုးနှံထားခြင်းဖြင့် ပထမဦးဆုံးဖြစ်ပေါ်လာမည့် စိတ်မှာ မိမိကိုယ်မိမိယုံကြည်မှုရှိလာခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့်တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင် ရေးအတွက် လိုအပ်ချက်မရှိ အောင်စီစဉ် ဆောင်ရွက်ထားပြီးဖြစ်သည်။ ဆေးထိုးရန်စုရပ်များစီစဉ်ထားခြင်း၊  ထိုစုရပ်များသို့ ကျောင်းကား များဖြင့်ခေါ်ဆောင်လာခြင်း၊ စုရပ်တစ်ခုချင်းအလိုက် ထိုးနှံမည့် အရေအတွက် ပေါ်မူတည်၍ ဆရာ၊ ဆရာမအရေအတွက်ခန့်ခွဲခြင်း၊ ဘေးကင်းလုံခြုံရေး အတွက် တပ်မတော်နှင့်မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့က ဦးဆောင်တာဝန်ယူထားခြင်း များလုပ်ဆောင်မည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသောကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီးစီးမှုစာရင်းရေးသွင်းရာတွင်  အခက်အခဲ မရှိစေရေးကိုလည်း စီစဉ်ထားပြီးဖြစ်သည်။

ထို့ပြင် ကာကွယ်ဆေးထိုးစင်တာများကို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ အလွယ်တကူလာရောက်နိုင်သောနေရာများတွင် စီစဉ်ပေးမည်ဖြစ်ပြီး ဆေးထိုးပေး ရာမှာလိုက်နာရမည့်အချက်များကို မိဘများသိရှိစေဖို့ ကြိုတင်လှုံ့ဆော်ခြင်းနှင့် ဆေးထိုးသည့်နေရာများမှာလည်း အသိပေးချက်များဖော်ပြ ထားခြင်းများ ဆောင်ရွက် ထားမည်ဖြစ်သည်။ ထိုးနှံပေးရန်စီစဉ်ထားသော Sinovac ကာကွယ်ဆေးနှင့် ပတ်သက်၍ လေ့လာမိသလောက်ဖော်ပြရလျှင် ပေကျင်းအခြေစိုက် Sinovac ဆေးဝါး ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး အရေးပေါ်အသုံးပြုခွင့်ရရှိရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခွင့်ပြုထားပြီးဖြစ်သည်။ စမ်းသပ်ခဲ့ သည့်ရလဒ်များအရ အစွမ်းထက်သည့် ကာကွယ်ဆေးတစ်မျိုးဟုလည်းဆိုပါသည်။ ပြင်းထန်သော ကိုဗစ်ရောဂါဖြစ်မှုနှင့် ဆေးရုံတက်ရောက်ရမှုကို ရာခိုင်နှုန်းပြည့်ကာကွယ်ပေးနိုင်သည်ဟု သိရှိရသည်။

မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို စိတ်ချယုံကြည်စွာထိုးနှံပေးရန်အတွက် Sinovac ကာကွယ်ဆေး၏အချက်အလက်အချို့ကို မျှဝေခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်သတိပေး ချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါသည် လူသားတို့နှင့်အတူရှိနေဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ နေရသောဘဝတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းသည်လူသားတစ်ဦးအတွက် အကောင်း ဆုံးသောလုပ်ဆောင်ချက်ဖြစ်သည်။  ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး အစီအစဉ်သည် တစ်နှစ်တာအစီအစဉ်မဟုတ်ဘဲ စဉ်ဆက်မပြတ် အစီအစဉ် ဖြစ်သည့်အတွက် မိဘအနေဖြင့် မိမိ၏ရင်သွေးများ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ချစ်တပည့်များ ပညာရေးခရီးလမ်းသာယာရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနံှခြင်းအစီအစဉ်တွင် အပြည့်အဝပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဆရာ၊ ဆရာမအားလုံး ၏၉၀ ရာခိုင်နှုန်းဝန်းကျင်မှာလည်း ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။ အသက် ၁၂ နှစ်နှင့် အထက် အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူအားလုံးကို ကာကွယ်ဆေးထိုးနှံပြီးမြောက် ပါက ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ မျှော်မှန်းရောက်ရှိမည်ဖြစ်သည်။ ထိုရည်မှန်းချက်သို့အောင်မြင်စွာရောက်ရှိရေး အားသွန်ခွန်စိုက်ကြိုးပမ်းကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။