ငြိမ်းချမ်းသာယာသောကမ္ဘာကြီးဖြစ်ပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၄  ရက်)

 

ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းသာယာသောလောကသစ်ကြီးတည်ဆောက်ရာတွင် ကမ္ဘာ့ကုလသမဂ္ဂသည် အရေးပါဆုံးသော အဖွဲ့အစည်းကြီးဖြစ်ပေသည်။ ကမ္ဘာ့လူသားတို့၏ပင်ကိုစိတ်သည် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေထိုင်လိုကြသည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် စစ်ပွဲများပေါ်ပေါက်လာသည်။ နေရာဒေသတစ်ခုချင်းစီမှသည် နိုင်ငံအုပ်စုအလိုက်ဖြစ်ပွားလာရာမှ ကမ္ဘာစစ်ကြီးများ ဖြစ်ပေါ်လာခဲ့ရသည်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် စသည်ဖြင့် လူသားတို့အတွက် နာကြည်းခါးသီးဖွယ်ရာ ကြုံတွေ့ခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် နောက်ထပ်တစ်ကြိမ် ဤကဲ့သို့စစ်ပွဲကြီး မဖြစ်ပွားစေရေးအတွက် တွေးခေါ် မြော်မြင်ကြံဆပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နိုင်ငံများဖြင့် စုပေါင်းတည်ထောင်ခဲ့ကြသည်။ ထိုနေ့မှာ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းရန်အတွက် ကမ္ဘာ့နိုင်ငံများစုပေါင်းပါဝင်သော အဖွဲ့ကြီးအဖြစ် ဂုဏ်ယူဖွယ်ရာ ဖြစ်ထွန်းလာခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တည်တံ့အောင်ထိန်းသိမ်းရန်နှင့် ကျူးကျော်မှုများအား ပူးပေါင်းအရေးယူ ဆောင်ရွက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးတိုးတက်ခိုင်မြဲရေးအတွက် နိုင်ငံအချင်းချင်း ပွင့်လင်းရင်းနှီးစွာ ဆက်ဆံရန်၊ နိုင်ငံတကာစီးပွားရေး၊ လူမှုရေးပြဿနာများအား ဖြေရှင်းရာတွင် ယောကျ်ား၊ မိန်းမ မရွေး အားလုံးလွတ်လပ်ခွင့်တူညီစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂအခြေခံမူများကို လေ့လာကြည့်ပါကလည်း အဖွဲ့ဝင်နိုင်ငံအားလုံးသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်၍ အဆင့်အတန်းတူညီကြသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ပဋိညာဉ်စာချုပ်ပါ ကတိဝန်ခံချက်များကို သစ္စာရှိစွာဖြည့်တင်း ပေးကြရမည်။ အပြည်ပြည်ဆိုင်ရာပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရမည်။ နိုင်ငံအချင်းချင်းဆက်ဆံရာတွင် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုမှ ရှောင်ကြဉ်ရမည်။အဖွဲ့ဝင်နိုင်ငံအားလုံးသည် အဖွဲ့ကြီးကိုအစွမ်းကုန်ကူညီကြရန်၊ ကုလသမဂ္ဂကအရေးယူထားသော မည်သည့်နိုင်ငံကိုမျှ အထောက်အကူမပြုရန်နှင့် ကုလသမဂ္ဂအဖွဲ့ကြီးသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက် ဖက်ခြင်းမပြုရန်ဟူ၍ တွေ့မြင်ရမည်ဖြစ်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ထောင်စုနှစ်ရည်မှန်းချက်များတွင် အလွန်အမင်းဆင်းရဲမှုနှင့် ငတ်မွတ်မှုတို့ကိုဖယ်ရှားရေး၊ ကမ္ဘာ့ အခြေခံပညာရေးအဆင့်သို့ရောက်ရှိစေရေး၊ ကျား/မအခွင့်အရေးတန်းတူညီမျှမှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးရေး၊ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးတိုးတက်စေရေး၊ HIV/AIDS ရောဂါ၊ ငှက်ဖျား ရောဂါနှင့် အခြားရောဂါများတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့မှုရှိစေရေး၊ ဖွံ့ဖြိုးမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတည်ဆောက်ရေး စသည်ဖြင့်ဖော်ပြထားသည်။

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍မရသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရဆဲဖြစ်သည်။ မူးယစ်ဆေးဝါး ပပျောက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ရာသီဥတုပြောင်းလဲလာမှုကို တုံ့ပြန်နိုင်ရေး အစရှိသည်မှ ယနေ့ကြုံတွေ့နေရသော ကိုရိုနာ ဗိုင်းရပ်ပိုး ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုတို့သည်စုပေါင်းညီညာဖြေရှင်းရမည့်ကိစ္စရပ်များဖြစ်ပေသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံများကြိုးပမ်းလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းမှာ ဝမ်းသာဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့အဖွဲ့ဝင်အဖြစ် ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ကုလ သမဂ္ဂနှင့်အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသား ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာမှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာအထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက်ပေါင်း ဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်း လျက်ရှိပါသည်။ မြန်မာ နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းပြုမည်မဟုတ်သကဲ့သို့ မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ နိုင်ငံအတွင်း တပ်ချခွင့်ပြုမည်မဟုတ်ပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တည်မြဲအောင်ထိန်းသိမ်းလျက်ရှိပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၇၆) နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။ (၇၆)နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့တွင် ကမ္ဘာတစ်ဝန်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားပြီး ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးရန်အန္တရာယ်အပေါင်းမှကင်းဝေးကာ  ပျော်ရွှင်ချမ်းမြေ့ရှိစေချင်သည်။  မြန်မာ နိုင်ငံတွင်  စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာစေရေးကို ရှေးရှုပြီး တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်နေပေရာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် မှန်ကန်နည်းလမ်းကျစွာ ကူညီခြင်းဖြင့် မြန်မာနိုင်ငံကောင်းကျိုးသယ်ပိုး ဆောင်ရွက်ပေးပါရန် ရေးသားလိုက်ရပေသည်။  ။