သားကောင်းသည်မိခင်မှ အသီးကောင်းသည်အမြစ်မှ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၅  ရက်)

 

မြန်မာတိုင်းရင်းသားတို့တွင် တိုင်းရင်းသားစကားပုံများ အသီးသီးရှိကြသည်။ ယခုဖော်ပြသည့် သားကောင်းသည်မိခင်မှ အသီး ကောင်းသည်အမြစ်မှ စကားပုံသည် လရှီတိုင်းရင်းသားစကားပုံဖြစ်သည်။ သားသမီးကောင်းများ ဖြစ်လာရေးအတွက် မိခင်၏ အရေးပါပုံကို အလေးထားရေးသားခြင်းဖြစ်သည်။ မိသားစုတစ်စုအတွင်း၌ မိခင်သည် သားသမီးနှင့် လက်ပွန်းတတီး အရှိဆုံး ဖြစ်သည်။ သားသမီးသည် မိခင်၏ အပြောအဆို၊ အမူအကျင့်၊ အဆုံးအမတို့ကို အများဆုံး ထိတွေ့ရသည်။ မိခင်၏ အမြော်အမြင်ရှိမှု၊ မရှိမှု၊ စိတ်သဘောထားပြည့်ဝမှု၊ မပြည့်ဝမှုအပေါ်မူတည်၍ သားသမီးများ၏ အကျင့်စာရိတ္တနှင့် အရည်အသွေးသည်လည်း ပေါ်လွင်လာရသည်။

မိခင်သည် သားသမီးနှင့် အစဉ်အမြဲ အနီးစပ်ဆုံးသူဖြစ်ပေရာ  သားသမီးတိုင်းသည် အဖေနှင့်အမေရှိရာတွင် များသောအားဖြင့် အမေကို ပိုမိုချစ်သူများဖြစ်သည်။ သားသမီးတို့သည် မိခင်၏ စိတ်နေသဘောထား၊ ဆိုဆုံးမမှုကောင်းမွန်လျှင် ကောင်းမွန်သလောက် သားသမီးတို့မှာ လိမ္မာရေးခြားရှိသည်။ ထို့နည်းတူပင်သစ်ပင်တစ်ပင်တွင်လည်း အရသာပြည့်ဝ၍ ကြီးထွားသောသစ်သီးဝလံသည် သစ်မြစ်၏ သန်စွမ်းမှုပေါ်တွင် မူတည်လျက်ရှိကြောင်း သိထားကြပြီးဖြစ်သည်။ မိခင်တို့သည် သားသမီးတို့အားချစ်လွန်လွန်း၍ အလိုလိုက်တတ်ကြသည်။ သားသမီးမှားနေသော်လည်း ပြုပြင်ပေးခြင်းမရှိသည့်အခါ ထိုသားသမီးသည် နောင်အခါတွင် သူခိုးဓားပြ အဆင့်မှ သူပုန်အဆင့်သို့ရောက်သွားတတ်ကြသည်။

မြန်မာစာပေတွင် လူတိုင်းနားလည်လွယ်သော ပုံပြင်ဖြစ်ရပ် တစ်ခုရှိသည်။ တစ်ဦးတည်းသော သားမို့မိခင်ကအလိုလိုက်သည်။ ကလေးက သူများပစ္စည်းခိုးလာတတ်သည်။ မိခင်ကသိမ်းဆည်းပေးထားသည်။ ကလေးက သူ့လုပ်ရပ်မှန်သည် ဟုထင်မှတ်မှား သွားကာ နောက်ဆုံးတွင် သူပုန်အဆင့်သို့ရောက်သွားပြီး အဖမ်းခံရသည်။ ပြစ်မှုအရသေဒဏ်ပေးခံရသည်။ သေဒဏ်ပေးခံရသူတိုင်း အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုပေးသည်။ ထိုအခါ သူ့အမေနှင့်တွေ့ခွင့်ပေးရန်တောင်းဆိုသည်။ အမေနှင့်တွေ့ခွင့်ရသောအခါ အမေရယ် သားအနားကိုလာပါဦး၊ နှစ်ကိုယ်ကြားပြောစရာရှိလို့ဟုဆိုသည်။ အမေက သားအနားကပ်သွားသည်။ သားက အမေ့ နားရွက်ကို ကိုက်ဖြတ်လိုက်သည်။

သားငယ်ငယ်တုန်းက အမေကသားကိုမဆုံးမခဲ့လို့ သားလူဆိုးဘဝရောက်ခဲ့တာပါ။ အမေသာ သားကိုမကောင်းမြစ်တာ၊ ကောင်းရာ လမ်းညွှန်လုပ်ခဲ့ရင် သားဒီလိုမျိုး လူဆိုးဘဝရောက်ဖြစ်မှာ မဟုတ်ဘူးဟု ပြောခဲ့သည်။ မိခင်များနှင့်သားသမီးတို့အတွက် နမူနာယူ သင့်သောပုံပြင်ဖြစ်ရပ်ဖြစ်ပါသည်။ မိခင်နှင့်သားသမီးအကြောင်းများကို ဦးတည်ရေးသားနေခြင်းမှာ အမေ့နားရွက်ကို ကိုက်ဖြတ် သောဖြစ်ရပ်များ ယနေ့ကာလတွင် များပြားလာနေ၍ဖြစ်ပါသည်။ မိခင်အချို့သည် မိမိတို့သားသမီးများအား ဆုံးမသွန်သင်မှု နည်းပါး သည့်အပြင် ထိုမိခင်အချို့ကပင် သားသမီးများကို လမ်းမှားသို့ပို့ဆောင်နေကြသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကျင်းပသည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် အရွယ်မရောက်သေးသူ ကလေးငယ်များသည် အနည်းဆုံး လူသုံးဦးကို သတ်ဖြတ်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရာတွင် ၎င်းတို့သတ်ဖြတ်ခဲ့သူများသည် ၎င်းတို့စွပ်စွဲနေသည့် ဒလန်ဟုတ်/မဟုတ်ဆိုသည်ကိုပင်မသိကြကြောင်း၊ ၎င်းတို့ကို စည်းရုံးစဉ်ကလည်း ဆေးသင်တန်းတက် ရမည်ဟု စည်းရုံးခဲ့ကြောင်း၊ NUG အကြမ်းဖက်သမားဇော်ဝေစိုး၏ စကားများအတိုင်း ဆေးကုသရေးအဖွဲ့များဖြစ်ကြောင်း၊ လက်တွေ့တွင် လူသတ်သည့် အလုပ်ကိုလုပ်နေကြောင်း၊ အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပြစ်မှုမည်ကဲ့သို့ ကျူးလွန် ဆောင်ရွက်ခဲ့သည်ဆိုသည်ကို ၎င်းတို့၏ ပြောဆိုချက်များကို နားထောင်ကြည့်ရန် ပြောကြားသည်။

ထို့နောက် အသက်(၁၄)နှစ်သာရှိသေးသည့် ကြယ်စင်နှင်းဝေ၊ ဟိန်းထက်အောင်နှင့်သန့်စင်တို့၏ Video Clip ကိုပြသသည်။ ကလေးများနှင့် ဆက်စပ်နေသည့် အသိုင်းအဝိုင်းကို အပုပ်ချလိုသည့်ရည်ရွယ်ချက်ဖြင့် ပြသခြင်းမဟုတ်ပေ။ ဖြစ်နေသည့် အဖြစ် အပျက်မှန်ကို မီဒီယာများ၊ တစ်နိုင်ငံလုံးမှာရှိသည့် မိဘပြည်သူများ အားလုံးသိရှိရန်ပြသခြင်းသာဖြစ်သည်။ ဤမျှတိတိကျကျ ပြသနေ သည်ကိုပင် မျက်စိမှိတ်ငြင်းနေသူများ ရှိနေသေးသည်။ NUG အကြမ်းဖက်များ၊ အစွန်းရောက် NLD များက အသုံးချ နေခြင်းကို နီးနီးကပ်ကပ်ရှိနေသော မိခင်များက တားဆီးပိတ်ပင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်သာ ဤကလေးများသည် လမ်းမှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ကြယ်စင်နှင်းဝေသည် ၇ တန်းကျောင်းသူဖြစ်ပြီး သူ့အမေဆန္ဒပြရာတွင် သူလည်းလိုက်ပါဆန္ဒပြခဲ့ကြောင်း သူ့ပြောပြချက်အရ သိလိုက်ရသည်။ သားသမီးဆိုသည်မှာ မိဘများက အုပ်ထိန်းမှုကောင်းမှသာ နိုင်ငံအတွက်အားထားရသူများ ဖြစ်လာပေလိမ့်မည်။ မိဘဆိုရာတွင် မိခင်ဖြစ်သူမှာ သားသမီးများနှင့် အနီးကပ်ဆုံးထိတွေ့နေရသူများဖြစ်သည့်အတွက် မိမိသားသမီး လမ်းမှားမရောက် ရှိရေးမှာ မိခင်၏တာဝန်ဖြစ်သည်ဟု ဆိုရပေမည်။ အနှစ်ချုပ်ဆိုရလျှင် သားကောင်းသည်မိခင်မှ အသီးကောင်းသည်အမြစ်မှ ဆိုသည့် အတိုင်း မိခင်ကောင်းများပေါများ၍ သားသမီးကောင်းများ ထွန်းကားပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။