ဂုဏ်ပေါင်းဝေဖြာမဟာမင်္ဂလာ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၆  ရက်)

 

မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိသည်မှာ ဗုဒ္ဓမြတ်စွာသက်ရှိထင်ရှားပွင့်တော်မူစဉ်ကပင်ဖြစ်ကြောင်း မြတ်ဘုရားရွှေတိဂုံသမိုင်း က သက်သေပြုလျက်ရှိသည်။ ယနေ့တိုင် ဗုဒ္ဓဘာသာသာသနာသည် ကျောက်သားကျောက်တိုင်ကဲ့သို့ မြန်မာနိုင်ငံတွင် ခိုင်ခိုင် မတ်မတ်တည်ရှိနေသည်။ ကမ္ဘာတွင် ထေရဝါဒဗုဒ္ဓဘာသာသာသနာအထွန်းကားဆုံးနိုင်ငံဟူသောဂုဏ်ဒြပ်ကို ပိုင်ဆိုင်လျက်ရှိသည်။ မင်းကောင်းမင်းမြတ်တို့ ပေါ်ပေါက်လာသောကာလတိုင်းတွင် ဘာသာသာသနာသည် နေလိုလလို ထွန်းလင်းတောက်ပသည်။ ထိုသို့ထွန်းလင်း တောက်ပခဲ့ကြောင်းကို ယနေ့တိုင်မြင်တွေ့နေရသော ဘုရားပုထိုးစေတီကျောင်းကန်များက အံ့မခန်းညွှန်ပြလျက် ရှိသည်။

မြန်မာ့သမိုင်းတစ်ခေတ်တွင် နေပြည်တော်မြို့တော်ကြီးတည်ထားနိုင်ခြင်းနှင့်အတူ ထူးခြားထင်ရှားသော ဘုရားစေတီများလည်း တည်ထားနိုင်ခဲ့သည်။ နေပြည်တော်တည်ရာဒေသသည် ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည်နှင့် ရှေးမင်းများတည်ထားခဲ့သော ဘုရားစေတီများမှာလည်း ရေတွက်လို့မကုန်နိုင်အောင်ပင်ဖြစ်သည်။ နေပြည်တော်ဟူသောအမည်သစ်နှင့်အတူ ပေါ်ပေါက်လာသော ရွှေတိဂုံစေတီတော်ပုံတူ ဥပ္ပါတသန္တိစေတီတော်၊ ကုသိနာရုံလျောင်းတော်မူ ကျောက်တော်ကြီးဘုရား၊ အောင်မောဠိတောင်ညွန့်ထက် တွင် မဟာသကျရံသီရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီးနှင့် သတ္တသတ္တာဟဘုရားစေတီများ တည်ထားကိုးကွယ်နိုင်ခဲ့သည်။

ယခုအခါ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုး ကွယ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းကောင်းကြားသိရသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော် အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ လုပ်ငန်းအဆင့်ဆင့်လုပ်ဆောင်ကြရသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ ကျောက်တော်ကြီးများကိုစကျင်တောင်မှ မြောင်မြစ်အတွင်း၊ မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆီမီးခုံဆိပ်ကမ်း၊ ဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းမကြီးအတိုင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိမြို့နယ်သို့ အဆင့်ဆင့်ပင့်ဆောင် ခဲ့ကြရသည်။

ကျောက်တော်ကြီးများသယ်ယူခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့မှ (၇)ကြိမ်တိုင်တိုင်အခမ်းအနားများကျင်းပပြုလုပ်၍ သယ်ဆောင်ခဲ့ရာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သယ်ယူခြင်းလုပ်ငန်းရပ်များပြီးမြောက်ခဲ့သည်။ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ပူဇော်ခြင်းနှင့် “မာရဝိဇယ” ဘွဲ့တော် သမုတ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ် အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား” ဟု အဓိပ္ပာယ်ဖော်ဆောင်ပါသည်။ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ် ခြင်းဖြစ်ပါသည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဍပ်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။ ဆရာတော်ကြီးရွတ်ပွား သရဇ္ဈာယ် တော်မူကြသည့် မေတ္တာပို့ဂါထာတော်များကိုနာယူကြပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တပူဇာဂါထာတော်နှင့် သဗ္ဗ သင်္ဂါဟက မေတ္တာပို့လင်္ကာတို့ကို သံပြိုင်ညီညာရွတ်ဆိုပွားများပူဇော်ကြသည်။ ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရတနာပလ္လင်တော်ပူဇော်မည့်နေရာတွင် နေရာယူသည်။ မင်္ဂလာအချိန်တွင် မာရဝိဇယရတနာပလ္လင်တော်အပိုင်း(၁)အား ရတနာရွှေမူလီတပ်ဆင်ပူဇော်ပြီး ပရိတ်နံ့သာရည် များ ပက်ဖျန်းပူဇော်သည်။ ယင်းနောက် မာရဝိဇယပလ္လင်တော်မြတ်အား ပေါက်မြိုင်ဆရာတော်ကြီး အမှူးပြုသည့် ဘုရား ဒါယကာ များက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာအောင် ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ဤအခမ်းအနားမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် တိုင်းသူပြည်သားတို့၏ စိတ်တွင်ကြည်နူးပီတိများနှင့်အတူ ဂုဏ်ပေါင်းဝေဖြာမဟာမင်္ဂလာအဖြစ် သာဓုခေါ်လိုက်ရပေသည်။   ။