အယ်ဒီတာ့အာဘော် (၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၇  ရက်) တိုင်းပြည်နှင့်လူမျိုးကို ချစ်ကြသူများ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၇  ရက်)

တိုင်းပြည်နှင့်လူမျိုးကို ချစ်ကြသူများ

မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများပြုလုပ်နေသော သတင်း ကောင်းများကိုမြင်တွေ့ရသည်။ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအားထောက်ခံပါသည်၊ အမျိုးဘာသာ  သာသနာ ကိုစောင့်ရှောက် သော မြန်မာ့တပ်မတော်အားထောက်ခံပါသည်၊  NUG၊ CRPH၊ PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG၊ CRPH၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စု မပြိုကွဲရေးဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုးပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပစွက်ဖက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီအရေခြုံကွန်မြူနစ် လုပ်ရပ် ကျဆုံးပါစေ၊ NUG၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှု တွေမြင်အောင် ကြည့်၊ NUG၊ PDF ရဲ့ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်” စသည့် စာသားပါဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ကြသည်။

အဆိုပါထောက်ခံပွဲများသည် စည်းကမ်းစနစ်ကျနပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ရေးနည်းလမ်း များနှင့်အညီ အများပြည်သူတို့၏ ရင်တွင်းကဆန္ဒ အစစ်အမှန်ကို ဖော်ပြခြင်းဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အား ပြည်သူ လူထုအများစုကထောက်ခံနေကြောင်း မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက် နေသော ကမ္ဘာ့ကုလသမဂ္ဂနှင့်နိုင်ငံအချို့ကို ထင်ထင်ရှားရှားသိစေလို၍ ဖော်ထုတ်နေ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက အခြားသောနိုင်ငံများ၏ပြည်တွင်းရေးကို လုံး၀ ၀င်ရောက်စွက်ဖက်ခြင်းမရှိ သော်လည်း မြန်မာတို့၏ ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်သည့်နိုင်ငံများရှိနေသည်။ မြန်မာနိုင်ငံသည်လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည်။

ဤမျှတည့်မတ်မှန်ကန်စွာနေထိုင်ကျင့်သုံးလျက်ရှိသော နိုင်ငံအပေါ် အဘယ်ကြောင့် အနှောင့် အယှက်ပြုနေရပါသလဲတွေးဆကြည့်သောအခါ မြန်မာတို့ကြီးပွား တိုးတက် ရေးကိုမလိုလားသောကြောင့် ဟူသောအဖြေမှတစ်ပါး အခြားရှာမတွေ့ပါ။ မြန်မာနိုင်ငံ မှာအုပ်ချုပ်သောအစိုးရတစ်ရပ်အင်အား တောင့်တင်းနေမည်ကို မလိုလားသည့်အပြင် မြန်မာ့တပ်မတော်ကျစ်လျစ်ခိုင်မာစွမ်းရည်မြင့်မားနေမည်ကိုမလိုလားပေ။ ဤသည်မှာ လက်ရှိမြန်မာ့ပြည်တွင်းရေးကိုစွက်ဖက်နှောင့်ယှက်နေသူတို့၏ သဘောထားဖြစ် သည်။ NUG၊ CRPH၊ PDF အကြမ်းဖက်တို့ကို မွေးဖွားခဲ့သော NLD အစိုးရ၏ မဲမသမာမှုကို  ထင်ထင်ရှားရှားနိုင်ငံတကာသို့ချပြရှင်းလင်းခဲ့ပြီးဖြစ်သည်။ မဲမသမာမှု ကိုဖြေရှင်းပေးရန် အချိန်ကာလ များစွာရရှိသော်လည်း ဖြေရှင်းပေးခြင်းလုံးဝမရှိခဲ့။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပေါ်လာခဲ့သော နိုင်ငံရေးအပြောင်း အလဲသည် မြန်မာ ပြည်သူတို့၏ အနာဂတ်ကံကြမ္မာကောင်းကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော်ကို မြန်မာတို့လိုလားသည်၊ နှစ်သက်သည်။ အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်သူတိုင်းက တပ်မတော်ကိုထောက်ခံသည်။ မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာခြင်း မရှိသူတို့က NLD အစိုးရ၏မဲလိမ်မဲခိုးမှုသည် တပ်မတော်နှင့်မဆိုင်ဟု လူပြိန်းကြိုက် စကားလုံးကို တွင်တွင်ပြောသည်။

မြန်မာ့သမိုင်းတွင် တပ်မတော်၏အရေးပါမှုကို မသိကျိုးကျွန်ပြုခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀ တွင်တပ်မတော်နှင့်သက်ဆိုင်သည်များကို တိတိကျကျပြဋ္ဌာန်းထားသည်။ ပုဒ်မ၂၀။ (က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသောမျိုးချစ်တပ်မတော်ဖြစ်သည်။ ၂၀။ (စ)တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်  အဓိကတာဝန်ရှိသည်။ ထို့ပြင် ပြည်သူ့လွှတ်တော်တွင် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅၆ ဦးနှင့်  တိုင်းဒေသကြီး လွှတ်တော်  သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းသုံးပုံတစ်ပုံနှင့်ညီမျှသော  တပ်မတော်သားကိုယ်စားလှယ်များပါဝင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင်တပ်မတော်တစ်ရပ် ပေါ်ပေါက်လာ၍ လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် အစိတ်စိတ်အမြွှာမြွှာဖြစ်တော့မည့်နိုင်ငံတော်ကို တပ်မတော်ကကယ်တင်ခဲ့သည်။ ပြည်ပကျူးကျော် မှုရန်ကို နှိမ်နင်းပေးခဲ့သည်။ နိုင်ငံရေးတွင် ပါတီနိုင်ငံရေးသမားတို့ ထင်သလိုခြယ်လှယ်ကာ ပြည်ပအလိုကျ လုပ်ဆောင်ခြင်းမျိုးမရှိစေရေးအတွက် တပ်မတော်ကို  ဥပဒေပြုရေးကဏ္ဍတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ပြီး တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးတို့ကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ် နိုးသူတိုင်း၊ အမျိုးဘာသာသာသနာ ကိုစောင့်ရှောက်လိုသူတိုင်း၊ ဒို့တာဝန် အရေးသုံးပါးကို အလေးထားသူတိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် တပ်မတော်ကိုထောက်ခံနေကြသည်မှာ မှန်ကန်သောထောက်ခံခြင်း ဖြစ်ပါကြောင်း။   ။