ပြည်သူများပူးပေါင်းပါဝင်မှုအရေးကြီး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၂ ရက်)

ပြည်သူများပူးပေါင်းပါဝင်မှုအရေးကြီး

မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံဖြစ်သည်။ ထိုစနစ်ကို ကျင့်သုံးနိုင်ရန် အတွက် အမျိုးသားညီလာခံခေါ်ယူကာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး အများပြည်သူတို့၏ ဆန္ဒဖြင့် အတည်ပြုခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ၂၀၁၁ ခုနှစ်တွင် ပထမဆုံး သောဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် ထိုစဉ်ကအစိုးရအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ကို ဖြေလျော့ပေးခဲ့သည့်အတွက် NLD ပါတီမှ ကိုယ်စားလှယ် အချို့လွှတ်တော်အသီးသီးသို့ ဝင်ရောက်လာခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်မှန်သမျှသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟူသော ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပြုခဲ့ရသူများချည်းသာ ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ-၆၄ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟူ၍ ပြဋ္ဌာန်းထားသည်။ ထိုစဉ်က အာဏာရအစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပုဒ်မ-၆၄ ကိုသိလျက်နှင့် ချိုးဖောက်ခဲ့သည်မှာ ပြည်သူတိုင်းထင်ရှားစွာမြင်တွေ့နိုင်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့သည်။  အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။ သာမန်ပြည်သူများ သိနိုင်ခဲသော အကြောင်းအရာများကို အထောက်အထားခိုင်လုံစွာ ရှင်းပြထားသည်။ ထိုစဉ်က အစိုးရခေါင်း ဆောင်များ ကိုယ်တိုင်က ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရေးအတွက် အမိန့်စာများထုတ်ပြန်ခြင်း၊ NLD ပါတီဝင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များကိုယ်တိုင်က မဲစာရင်းစိစစ်ရေးတွင် ဦးဆောင်ပါဝင်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၎င်းတို့၏ ဆွေမျိုးရင်းချာများ၊ NLD ပါတီ ဝင်များကိုသာ ထည့်သွင်းထားခြင်းစသော လုပ်ရပ်များကိုတွေ့ရှိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်းများကို စိစစ်ရာတွင် မဲမသမာမှုဖြစ်နိုင်သော မဲစာရင်း ၁၁ ဒသမ ၃ သန်း ကျော်တွေ့ရှိခဲ့သည်။ နိုင်ငံသားစိစစ်ရေးကတ်မပါဘဲ မဲထည့်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်သုံးကြိမ်ထက်မက ပါဝင်မဲထည့်ထားခြင်း တွေ့ရှိသည်။ NLD ပါတီအနေဖြင့် ၎င်းတို့တစ်ပါတီတည်းက အာဏာရရှိရေးကို ရည်ရွယ်လုပ်ဆောင်ခဲ့ပြီးစစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဤအဖြစ်အပျက်များမှာ မည်သို့မျှမငြင်းနိုင်သော အချက်အလက်များဖြစ်သည်။ ယခုဆိုလျှင် ပြည်သူအများစုသည်လည်း ထိုဖြစ်ရပ် မှန်သိရှိလက်ခံကြပြီးဖြစ်သည်။

ထိုဖြစ်ရပ်မှန်ကို NLD ပါတီဝင်တို့ ကိုယ်တိုင်သိထားပြီးဖြစ်သည်။ မတရားမှုဟူသည် အဓမ္မသာဖြစ်သည်။ ထိုအဓမ္မကို ဓမ္မဖြစ် သယောင် မသိနားမလည်သော လူငယ်လူရွယ်တို့ကိုဝါဒဖြန့်စည်းရုံးကာ အကြမ်းဖက်အဖျက်သမားများအဖြစ်သို့ ပို့ဆောင်လိုက်ကြ သည်။ နှလုံးသားနုနယ်လှသော လူငယ်အများစုသည် နှလုံးသားများကြမ်းတမ်းကာ လူသတ်အကြမ်းဖက်၊ ဖျက်ဆီးမှုမျိုးစုံကို လုပ်ဆောင်ကြသည်။ NLD ပါတီဝင် NUG၊ CRPHနှင့် PDF အကြမ်းဖက်အဖွဲ့တို့အား ပြည်သူများကရွံရှာမုန်းတီးပြီး သတင်းပေး ဖမ်းဆီးမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ  တစ်နိုင်ငံလုံး၌  ဖမ်းဆီးရမိလက်နက်(လုပ်သေနတ်မပါ) ၁၄၁၂  လက်၊  လုပ်သေနတ်၊ ဘောပင်သေနတ်၊  တူမီးသေနတ်များပါဝင်ပါက ၆၀၈၇ လက် ရှိသည်။ ကျည်မျိုးစုံ ၁၅၀၀၀ ခန့်၊ လက်ပစ်ဗုံးမျိုးစုံ ၂၄၅၉ လုံး၊ လက်လုပ်မိုင်း၊ ဗုံးမျိုးစုံ ၃၀၀၀ ကျော်ခန့် ဖမ်းဆီးရမိထားပြီးဖြစ်သည်။ NUG၊ PDFအမည်ခံအကြမ်းဖက်အဖွဲ့များ၊ NLD အစွန်း ရောက်အဖျက်သမားများ၊ တချို့သော EAOs များအပါအဝင် ထိုလက်နက်များကိုအသုံးချ၍ နိုင်ငံအတွင်း၌ပစ်ခတ်သတ်ဖြတ်မှုများ၊ ဒလန်တံဆိပ်တပ်၍ တွေ့ရာလူကို သတ်နေခြင်းများကြောင့် ပြည်သူတစ်ရပ်လုံးက မခံမရပ်နိုင်ဖြစ်လာကြသည်။ အမှားနှင့်အမှန်၊ ဓမ္မနှင့်အဓမ္မကို ခွဲခြားသိမြင်ကြပြီဖြစ်သည်။ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် မိမိတို့နေထိုင်ရာ ဒေသတည်ငြိမ်အေးချမ်းရေးကို ဆက်လက် ဆောင်ရွက်ကြပါရန် ရေးသားလိုက်ရပေသည်။    ။