နိုင်ငံ့အတွက်အားထား သမားဇာနည်များ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁  ရက်)

ကမ္ဘာနှင့်အဝန်း ကပ်ရောဂါကျရောက်လာသောအခါ မြန်မာနိုင်ငံသည်လည်း ထိုကပ်ရောဂါဘေး နှင့်ရင်ဆိုင်တွေ့ကြုံရသည်။ ထိုအခါလိုအပ်သည်မှာ နိုင်ငံအတွက်အားထားရသော ကျန်းမာရေးစောင့်ရှောက်ပေးမည့်သူများဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက် ပေးမည့်သူများသည် လူသားတို့ကျန်းမာရေး အတွက်ဟူသောစိတ်ထားဖြင့် ရန်သူမိတ်ဆွေမခွဲခြားဘဲ လူနာဟူသောအသိဖြင့်သာ ကြည့်ရှုစောင့်ရှောက် ရမည်ဖြစ်သည်။ ထိုစိတ်ထားကိုပြည့်ပြည့်၀၀ထားနိုင်သူများမှာ တပ်မတော်ဆေးတက္ကသိုလ်မှမွေးထုတ် ပေးလိုက်သော သမားဇာနည်အောင်စစ်သည်များသာ ဖြစ်သည်။ သူတို့တတ်ကျွမ်းသော ဆေးပညာရပ်ဖြင့် ပြည်သူလူထုအပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းမှာ နိုင်ငံတော်ကို ကာကွယ်ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုသည် အဓိကနေရာက ပါဝင်လျက်ရှိသည်။ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်စကားနှင့်အညီ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်းသည် သက်ရှည်ခြင်း၊ ကျန်းမာခြင်းကို လိုလားကြသည်။ ထို့ကြောင့် တပ်မတော်သားတို့ ပြုကျင့်ရမည့် ကျင့်ဝတ်တွင် ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ ဟူ၍သတ်မှတ်ထားသည်။ ထို့ပြင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဟူ၍ လေ့ကျင့်ရေးဆိုင်ရာ ရည်မှန်းချက်တွင် ကျန်းမာရေးသည် ဦးစားပေးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေ စည်သူမင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားတွင် “ရဲဘော်တို့ကို ဆရာဝန်များ အဖြစ်ဘွဲ့အပ်နှင်းချိန်မှာ ရွတ်ဆိုကြရမယ့် ဆရာဝန်များ အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်ကို အခြေခံကျင့်ဝတ်အနေနဲ့ အမြဲစောင့်ထိန်း လိုက်နာပြီး လူနာများအပေါ်မှာ စေတနာ၊ အကြင်နာ၊ ကရုဏာနဲ့ ကိုယ်ချင်းစာနာမှုများထားရှိဆောင်ရွက်ပေးသွားဖို့ မှာကြားလို ကြောင်း” ဖြင့် လမ်းညွှန်မိန့်ကြားခဲ့သည်။

သမားဇာနည်အောင်စစ်သည်တိုင်းသည် ဆေးအတတ်ပညာ၊ စစ်အတတ်ပညာနှင့် လူမှုဆက်ဆံရေးပညာ စသည်ဖြင့် ကောင်းသော ပညာရပ်ပေါင်းစုံတွင်  ထူးချွန်စွာတတ်မြောက် နေကြရမည်ဖြစ်သည်။ ခေတ်နှင့်အညီ နည်းပညာမြင့်မားသည့်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်ပြီး တိုးတက်သည့်ကုထုံးသစ်များ၊ ဆေးဝါးများနှင့် လူနာကိုကုသပေးနိုင်ရမည်။ စေတနာ ဆိုသည်ကား မြင့်မြတ်သော နှလုံးသားရှိသူတိုင်းပိုင်ဆိုင်သော အရာဖြစ်သည်။ မိမိတို့တတ်မြောက်ထားသော ဆေးပညာရပ်များဖြင့် လူနာကိုရောဂါသက်သာ ပျောက်ကင်းစေလိုသည့် ကိုယ်ချင်းစာစိတ်ထားရှိခြင်း ဖြစ်ပေသည်။

တပ်မတော်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်လျှင် ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စား သည့်စိတ်ဓာတ်၊ ကျည်တစ် တောင့်လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော် ဂုဏ်ကို အသက်စွန့်ပြီးမြှင့်တင်လိုသည့်စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုစိတ်ဓာတ်နှင့် ရဲဘော် ရဲဘက်စိတ်ဟူ၍ရှိသည်။ ရဲဘော်စိတ်ဆိုသည်မှာ ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏။ ထိုစိတ်ထားဖြင့် လူနာများအပေါ် ကုသပေးခြင်း သည် စေတနာဖြစ်သည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် သမားဇာနည်များသည်လည်း အနီးကပ်ပါဝင် လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်နှင့်တပ်မတော်မှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို အသုံးချ၍ မိမိတို့တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ထိတွေ့နေရသည့်မိဘပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ ကျန်းမာရေး အသိပညာပေးရန်နှင့် မိမိအလုပ်ကိုအောင်မြင်အောင် ပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန် ဟူသောနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် အခြားသော Academy များထက်ထူးခြားသည်မှာ စာတွေ့သီအိုရီသင်တန်းကာလ ခြောက်နှစ်၊ ဆေးရုံများတွင် လက်တွေ့ကာလတစ်နှစ် သင်ကြားရခြင်းဖြစ်သည်။ သင်တန်းကာလတစ်လျှောက်လုံး ကြိုးစားသင်ယူကြခြင်း ကြောင့် တပ်မတော် ဆေးတက္ကသိုလ်ရင်ခွင်မှ တာဝန်ကျရာနယ်ပယ်သို့ ရောက်ရှိကြတော့မည်ဖြစ်ပေရာ ခေါင်းဆောင်ကောင်း၊ ဆရာဝန်ကောင်း၊ စစ်သားကောင်းများအဖြစ် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသောစိတ်ဖြင့် သယ်ပိုးဆောင်ရွက် အောင်မြင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။