တူညီဆန္ဒ အောင်မြင်စွာအကောင်အထည်ပေါ်လာရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၂  ရက်)

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူ လူထုတစ်ရပ်လုံး၏ တူညီသော ဆန္ဒမှာတစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲပြီး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး ဖြစ်သည်။ ထိုဆန္ဒကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပထမဆုံး ပေါ်လာသော သဘောတူစာချုပ်မှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့စတင် လက်မှတ်ရေးထိုးကြသည်။ ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့် ထပ်မံ လက်မှတ်ရေးထိုးသည်။ စုစုပေါင်းအဖွဲ့ ၁၀ ဖွဲ့နှင့် လက်မှတ်ရေးထိုးပြီးဖြစ်သည်။

လက်မှတ်ရေးထိုးရန်ကျန်ရှိနေသော အဖွဲ့များအားလုံး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးကြပြီး ထို NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမည်ဆိုပါလျှင် ပြည်သူတို့၏ တူညီဆန္ဒများ အကောင်အထည် ပေါ်လာမည်ဖြစ်သည်။ NCA တွင်ပါဝင်လက်မှတ် ရေးထိုးပြီး စာချုပ်ပါအချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့သည့် နယ်မြေဒေသတို့သည် တည်ငြိမ် အေးချမ်းပြီး လူနေမှုဘဝမြင့်မားလာနေပြီဖြစ်သည်။ စာချုပ်ဆိုသည်မှာ နှစ်ဖက် သဘောတူညီချက်ကို ခိုင်မာအောင် စာဖြင့်ရေးသား အသိအမှတ်ပြုကြခြင်းဖြစ်သည်။ စာချုပ်ပါ အချက်များအတိုင်း တိကျစွာ လိုက်နာကြခြင်းဖြင့် ငြိမ်းချမ်းရေး ပန်းခင်းလမ်းကိုလျှောက်လှမ်းကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စနစ်အမျိုးမျိုးကို ဖြတ်သန်းလာပြီးနောက် ၂၀၁၁ ခုနှစ်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကိုစတင်ကျင့်သုံးခဲ့သည်။ အစိုးရနှစ်ဆက် ၁၀ နှစ်သက်တမ်းကျော်ခဲ့ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု များကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရသည်။ လက်ရှိအခြေအနေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပါပြဋ္ဌာန်းချက်များအတိုင်း စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ မသိနားမလည်သူတို့ စိတ်တွင်ထင်ယောင်ထင်မှားဖြစ်အောင် ပြည်ပနိုင်ငံအချို့နှင့် ဒေါ်လာစားမီဒီယာတို့က မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်အောင် သွေးထိုးပေးနေသလို  NUG, CRPH, PDF အကြမ်းဖက်အဖွဲ့များကလည်း နိုင်ငံအုပ်ချုပ် ရေးယန္တရား မလည်ပတ်စေရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားရေးလုပ်ဆောင်လျက်ရှိသည်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၎င်းတို့ကိုဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များသင်ပေးပြီး လက်နက်များရောင်းချပေးသည်။ လက်နက်ကိုင် အကြမ်းဖက်ခြင်းမှာ ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သာ ဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့်ခေတ်တွင် နိုင်ငံရေးကို လက်နက်ကိုင်တိုက်ခိုက်မည့်အစား စားပွဲဝိုင်းတွင် ဆွေးနွေး ကြသည်။ ထိုဆွေးနွေးမှုရလဒ်ကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်လာခြင်းဖြစ်သည်။ ထို NCA တွင်ပါဝင်လက်မှတ်ရေးထိုးကာ စားပွဲဝိုင်းဆွေးနွေးပွဲများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး စိတ်တူကိုယ်တူ တညီတညွတ်တည်း တည်ဆောက်နိုင်ရန် လမ်းပြမြေပုံလည်း ပေါ်ပေါက်ခဲ့သည်။ NCA သည်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် သက်သက်မျှသာမဟုတ်ဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်၊ မချုပ်ငြိမ်းသရွေ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတို့မှာခက်ခဲနေဦးမည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝ မြင့်မားရေးတို့သည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့တွင် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသတင်းမှာ တိုင်းရင်းသား ပြည်သူတို့၏ မျှော်လင့်ချက်များကို ရှင်သန်စေသည်။ တိုင်းပြည်အတွက် အကျိုးရလဒ်ကောင်းများ ဆက်လက်ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည်မိ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးကို အထူးအလေးထားလျက်ရှိသည်။ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့တွင် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါသဘောတူညီချက်များအတိုင်း အလေးထားလုပ်ဆောင်ရေးဟူ၍ သတ်မှတ်ထားပါသည်။ ဃြဗ တွင် ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် NCA လမ်းကြောင်းအတိုင်း မှန်ကန်စွာ လျှောက်လှမ်းရမည်ဖြစ်သကဲ့သို့ NCA တွင် လက်မှတ်ရေးထိုးရန်ကျန်သော အဖွဲ့များအနေဖြင့် NCA တွင်ပါဝင်လက်မှတ်ရေး ထိုးခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်ကြရမည်ဖြစ်သည်။ ဤသည်မှာ ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံး၏ တူညီသော ဆန္ဒအမှန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။