ခိုင်မာသည့်စိတ်ဓာတ် ရဲဝံ့သည့်နှလုံးသား

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၃  ရက်)

ခိုင်မာသည့်စိတ်ဓာတ် ရဲဝံ့သည့်နှလုံးသား

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ လူဦးရေများပြားလှသည့်နိုင်ငံများနှင့် နယ်နိမိတ်ထိစပ်တည်ရှိနေသည်။ တည်နေရာ နယ်နိမိတ်ဆိုသည်မှာ ရှေးဘိုးဘွားအစဉ်အဆက်တို့ နှစ်ပေါင်းထောင်သောင်းကတည်းက ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ရာ ထိုအမွေကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်းကြရမည်သာဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံနှင့် တောင်အာရှဒေသ အကြားတွင် ပေါင်းကူးပေးနိုင်သည့် ကုန်းတွင်းတံတား တစ်စင်းသဖွယ်လည်းတည်ရှိနေသည်။ ပထဝီအနေအထားအရ မဟာဗျူဟာ အချက်အချာနိုင်ငံလည်းဖြစ်ပေရာ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ရေးစွမ်းအားသည် မြင့်မားနေမှ ဖြစ်ပေမည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်သည်။ ကာကွယ်ရေးဆိုသော စကားရပ်မှာ အလွန်ကျယ်ပြန့် သည်။ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကိုကာကွယ်ခြင်း၊ ပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းဟူသော နယ်ပယ် သာမက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ခြင်း၊ ပြည်သူများအပေါ် ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း ဘေးအန္တရာယ်တွေကို ကာကွယ်ခြင်းများအထိ စီမံဆောင်ရွက်ရခြင်း ဖြစ်သည်။ ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုတွင် အမျိုးသားများသာမက အမျိုးသမီးများ ကိုယ်တိုင်ကလည်းပါဝင် ထမ်းဆောင်ရန် ဆန္ဒရှိလာကြသည်။ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်မှစ၍နှစ်စဉ် စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးကာ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။

ယခုအခါ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)သည် သင်တန်းပြီးမြောက်ပြီဖြစ်သည်။ ထိုသင်တန်းဆင်းပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က “ရဲဘော်တို့အနေနဲ့ စဉ်ဆက်မပြတ်ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့တာဝန်ထမ်းဆောင်ရင်း တပ်မတော် အတွက်ရော နိုင်ငံအတွက်ပါ တန်ဖိုးရှိတဲ့ စစ်သမီးကောင်းများဖြစ်အောင် ကြိုးစားသွားကြဖို့ မှာကြားလိုတယ်” ဟူ၍မိန့်ကြားခဲ့သည်။

ယဉ်ကျေးလှပသော၊ အရည်အချင်းရှိသော မြန်မာအမျိုးသမီးကလေးများသည် လွန်စွာကြမ်းတမ်း လှသော စစ်အတတ်ပညာကို တတ်မြောက်အောင်သင်ကြားရသည်မှာ လွယ်ကူလှသော အလုပ်မဟုတ်လှပါ။ စစ်မိန့်သံ၏ အခြေခံဖြစ်သော သတိ၊ သက်သာ၊ အေးစေ စတင်လှုပ်ရှားရသည်မှ လေ့ကျင့်ရေး၏ အခြေခံဖြစ်သည့် ပစ်၊ ထောက်၊ မှောက်လှိမ့်စသည်ဖြင့် သင်ခန်းစာများကား ပင်ပန်းပေ လိမ့်မည်။ ထိုမျှမကလည်း ပြေးလွှားရုန်းကန်ရမည်မှာ သေချာသည်။ မိဘများဘက်က ကြည့်မည်ဆိုလျှင်လည်း မိဘတိုင်း သည် မိမိတို့ ၏သားသမီးများ ပင်ပန်းဆင်းရဲမည်ကို စိုးရိမ်ကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။

သို့သော် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းသားတို့သည် တက်ကြွသည်၊ ရဲရင့်သည်၊ စိတ်ဓာတ်ကြံ့ခိုင်မာကျောသည်။ အပင်ပန်း အဆင်းရဲကို ကြောက်သူများ မဟုတ်တော့။ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)က ၉ လကြာ လေ့ကျင့်သင်ကြား ပေးလိုက်ခဲ့ပြီးဖြစ်သည့်အတွက် ကျောက်သားအသွင် မာကျော၍နေပြီဖြစ်သည်။ သူတို့သည် ဝမ်းရေးတစ်ခုတည်းအတွက်နှင့် စစ်မှုထမ်းနေခြင်းမဟုတ်ကြ သည်မှာထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွေ၏ ပညာအရည်အချင်းများမှာ မဟာဘွဲ့ ရရှိပြီးသူနှင့် မဟာဘွဲ့ဆက်တက်ရန် အရည်အချင်းမီသူများ ဖြစ်နေသောကြောင့်ပင်တည်း။

သူတို့သည် နိုင်ငံတော်ကိုချစ်သည်။ တပ်မတော်ကိုချစ်သည်။ အမျိုးဘာသာသာသနာကို မြတ်နိုးသည်။ ထို့ကြောင့်တပ်မတော်တွင် စစ်မှုထမ်းအဖြစ် ဝင်ရောက်လာကြခြင်းဖြစ်သည်။ ထိုအချစ်စိတ်များကြောင့်လည်း သင်တန်းကာလ အခက်အခဲပေါင်းများစွာကို ရဲဝံ့စွာတည်ကြည်စွာ ရင်ဆိုင်ခဲ့ကြပြီးဖြစ်ကြသည်။ စစ်မိန့်စစ်သံအောက်တွင် ထွန်းတောက်လာကြရသောအခါ ဖော့ဖယောင်းမှ သံချောင်းကဲ့သို့ ကာယအား ဉာဏအားတို့ ဖွံ့ဖြိုးကြံ့ခိုင်လာပြီဖြစ်သည်။ သူတို့သည် ဒေါင်ဒေါင်မြည် အမျိုးသမီး ဗိုလ်လောင်းအဖြစ်မှ ပြန်တမ်းဝင် အရာရှိများအဖြစ် ပေးအပ်ရာတာဝန်ကို ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ မွေးဖွားလာသော ရင်နှစ်သည်းချာ သားသမီးရတနာများဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည်ဖြစ်ရာ ပြည်သူမွေးဖွားပြည်ချစ်စစ်သား၊ စစ်သမီးတို့သည် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာကိုသာ ဆောင်ရွက်ကြ မည်ဖြစ်သည်။ တပ်မတော်တစ်ရပ်အဖြစ် ပေါ်ထွန်းလာသည်မှ ယနေ့တိုင် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးဆိုသည်မှာ သဘာဝအားဖြင့် အလှအပကို နှစ်သက်မြတ်နိုးစုံမက်ကြသူများသာဖြစ်သည်။ တပ်မတော်တွင် အမှုထမ်းလျက်ရှိသည့်စစ်သမီးများမှာမူ မိမိတို့၏တစ်ဦးချင်းအလှထက် အမိနိုင်ငံတော်ကြီး ထာဝစဉ်လှပရေးကိုသာ ဦးစားပေးထားသူများ ဖြစ်ကြသည်။ အနှစ်ချုပ်ဆိုရသော် ခိုင်မာသည့်စိတ်ဓာတ်၊ ရဲဝံ့သည့်နှလုံးသားပိုင်ရှင်များကို ကြိုဆိုဂုဏ်ပြု ပါကြောင်းရေးသားလိုက်ရပေသည်။   ။