နိုင်ငံအတွက် ခေတ်မီသော တပ်မတော်(ရေ)

နိုင်ငံအတွက် ခေတ်မီသော တပ်မတော်(ရေ)

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၄  ရက်)

၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၄ ရက် (၇၃)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ) အပါအဝင်  စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား၌ ကျင်းပခဲ့သည်ကို ပြန်လည်သတိရမိပါသည်။ သတိရနေခြင်းမှာ မြန်မာတို့မျှော်လင့်နေသော ရေငုပ်သင်္ဘောကို ပိုင်ဆိုင်သည့်အပြင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်သော သမိုင်းဝင်နေ့ဖြစ်ခြင်း၊ ထိုနေ့က တပ်တော်ဝင်ခဲ့သော စစ်ရေယာဉ် ၆ စီးမှာ ခေတ်မီပြီး စွမ်းအားမြင့်မားသည့် စစ်ရေယာဉ်များဖြစ်ပြီး ကိုယ်ပိုင်ဒီဇိုင်းနှင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခြင်းနှင့် တပ်မတော်(ရေ)ကို သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်(Three Dimensional Navy )အဆင့်စတင် တက်လှမ်းနိုင်ဖို့ ဆောင်ရွက်ပေးခဲ့သောနေ့ ဖြစ်ခြင်းတို့ကြောင့် သတိရနေခြင်းဖြစ်သည်။ တပ်မတော်(ရေ) ရေတပ်သင်္ဘောကျင်း အနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ်မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ပြီဆိုသော သတင်းမှာလည်း မြန်မာတို့အတွက် မင်္ဂလာရှိသော သတင်းဖြစ်ပါသည်။

နိုင်ငံတော်အတွက် ကာကွယ်ရေး စွမ်းရည်မြင့်မားရေးမှာ  တပ်မတော်(ကြည်း၊ ရေ၊ လေ) မဏ္ဍိုင်သုံးရပ် စလုံး ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည်။ ယနေ့ခေတ်အခါတွင် ပြည်ပကျူးကျော်စစ် မှန်သမျှသည် သမားရိုးကျစစ်ဆင်နည်းများ မဟုတ်တော့ဘဲ နည်းလမ်းပေါင်းစုံ၊ နေရာပေါင်းစုံ အသုံးပြုလျက်ရှိနေပြီ ဖြစ်သည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)သည် တစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်နေကြရသော အချိန်ကာလ ဖြစ်သည်။ မြန်မာတို့၏ အနာဟောင်းကို ပြန်တူးဆွကြည့်လျှင်လည်း အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတို့အပေါ် အနိုင်ယူသွားနိုင်သည်မှာ ရေတပ်အင်အား သာလွန်မှုဖြစ်သည်။ ရေကြောင်းမှ ရန်ကုန်သို့ အလစ်အငိုက် ဝင်ရောက်အနိုင်ကျင့်ကာ စစ်ပွဲကိုဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)ကို နိုင်ငံတကာ အဆင့်ဝင်ဆံ့အောင် လုပ်ဆောင်နေခြင်းမှာ ရာနှုန်းပြည့် အမှန်တရားဖြစ်ပေသည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၃)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ''၂၁ ရာစုခေတ်သစ် စစ်ပွဲတွေရဲ့ သဘောတရားအရ ရေတပ်ဖွဲ့ တစ်ဖွဲ့တည်းနဲ့ စစ်ဆင် ဆောင်ရွက်ခြင်းထက် ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ခြင်းအားဖြင့် ရည်မှန်းချက်အပေါ် ထိရောက်အောင်မြင်မှု ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ တပ်မတော်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို ထိရောက်စွာ ပူးပေါင်းစစ်ဆင်နိုင်စွမ်း ရှိအောင် ရည်မှန်းပြီးတော့ တစ်ပြိုင်တည်းစွမ်းအား မြှင့်တင်ဆောင်ရွက်ပေးခဲ့တာကို ကျွန်တော်လုပ်ခဲ့ပါတယ်'' ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတိုင်းတွင် မိမိတို့၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်မြေပြင်၊ ရေပြင်၊ ဝေဟင်တို့ကို ကာကွယ်စောင့်ရှောက်ရန် ခေတ်မီအင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ကို မိမိတို့၏ ဓနအင်အားပေါ်မူတည်၍ တည်ဆောက်လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ ပထဝီဝင်တည်ရှိမှုမှာ အလွန်အရေးပါသည့် နေရာတွင်တည်ရှိနေခြင်းကြောင့် ခေတ်မီအင်အားတောင့်တင်းသော တပ်မတော်တစ်ရပ် မလွဲမသွေ လိုအပ်ပါသည်။

သူ့ကျွန်ဘဝရောက်ခဲ့ရသော ခါးသီးသည့်သမိုင်းကြောင်းကလည်း သက်သေထူလျက် ရှိသည်။ ထို့ကြောင့် အမြော်အမြင်ကြီးမားသော ရှေးလူကြီးများက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်နှင့် ပတ်သက်၍ တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည် ဟူ၍ ပုဒ်မ ၂ဝ (က) တွင်ပြဋ္ဌာန်းခဲ့သည်။

ယနေ့အချိန်အခါတွင် တပ်မတော်(ရေ)သည် မြန်မာ့ရေပြင်ပိုင်နက်ကို ခိုင်ခိုင်မာမာ ကာကွယ်နိုင်သော စွမ်းအားရှိထားပြီဖြစ်သည်။ မျက်မှောက်ခေတ်တွင် ရေတပ်များသည် ရေပြင်ရန် စစ်ဆင်ရေး၊ ဝေဟင်ရန် စစ်ဆင်ရေး၊ ရေအောက်ရန်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေး စသည့် စစ်ဆင်ရေး နယ်ပယ်ကြီး၄ ရပ်တွင် ပြောင်းလဲတိုးတက်လာသည့် ရေတပ်စစ်နည်းဗျူဟာများနှင့် အညီ ရေကြောင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် လိုအပ်သည့် စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေတပ်ဖွဲ့များကို ဟန်ချက်ညီပေါင်းစပ် ဖွဲ့စည်းလာကြသည်။ အထူးသဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ကို မဖြစ်မနေ ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြသည်။ မြန်မာတို့ရေငုပ်သင်္ဘော ပိုင်ဆိုင်နေခြင်းမှာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။

တပ်မတော်(ရေ)ဖြစ်ပေါ်လာပုံသမိုင်းကိုပြန်ပြောင်း တွေးကြည့်လျှင် တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ စတင်တည်ထောင်စဉ်က ဗြိတိသျှရေတပ်က လွှဲပြောင်းပေးခဲ့သည့် ဒုတိယကမ္ဘာစစ် လက်ကျန် ဖရီးဂိတ်စစ်ရေယာဉ် ၁ စီးနှင့် တိုက်ရေယာဉ် ၁၄ စီးတို့ဖြင့် စတင် ဖွဲ့စည်းခြင်းဖြစ်သည်။ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တပ်မတော်(ရေ)သည် (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ရှိပြီဖြစ်သည်။ တပ်မတော်(ရေ)၏ အဓိကကဏ္ဍများမှာ စစ်ရေးကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍ၊ စာနာမှုအကူအညီပေးရေး ကဏ္ဍတို့ဖြစ်ပေရာ ထိုကဏ္ဍကြီး ၄ ရပ်ကို စွမ်းစွမ်းတမံ ဆောင်ရွက်အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။