လူမှုကာကွယ်စောင့်ရှောက်မှု အောင်မြင်ပါစေ

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက်အစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင်ပါဝင်သည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ပြင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေသောလုပ်ငန်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ကော်မတီဝင် ၁၂ ဦးနှင့် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မတီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးစီးဦးဆောင်ပြုလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့်အတိုင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များကို ကောင်းသည်ထက်ကောင်းအောင် ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ကို  စတင်တည်ဆောက်နေပြီ ဖြစ်သည်။ ဤသည်မှာ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ရေးအတွက် အရေးပါသည့် တိုးတက်မှုတစ်ခု ဖြစ်ပေသည်။

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများမှာ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွား အခက်အခဲများကို တာဝန်ယူ ဖြေရှင်းပေးရမည် ဆိုသည့် နိုင်ငံတော် အစိုးရနှင့် နိုင်ငံသူ၊ နိုင်ငံသားများအကြားရှိ ကတိကဝတ်တစ်ခုအတွက် လက်တွေ့ဆောင်ရွက်မှုလုပ်ငန်းစဉ်ပင် ဖြစ်သည်။ မြန်မာတို့သည်

ဗုဒ္ဓဘာသာသာသနာတော်၏ ယဉ်ကျေးမှုအမွေအနှစ်များကို အများဆုံး လက်ခံထားသောနိုင်ငံ ဖြစ်သည့်အလျောက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆိုသည်မှာ တစ်နည်းအားဖြင့် ဆိုရသော် ကုသိုလ်ကောင်းမှုပြုခြင်းတစ်မျိုးပင်ဖြစ်သည်။ ထို့ထက်ပို၍ဆိုရလျှင် နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲသား ပြည်သူတို့၏ ဘဝကို ကြည့်ရှုစောင့်ရှောက် မြှင့်တင်ပေးခြင်းဟု ဆိုနိုင်သည်။

မြန်မာ့သမိုင်းကို ပြန်လည်ကြည့်လျှင် ပုဂံခေတ်က မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ကျန်စစ်သားမင်းကြီး၏ ရွှေစည်းခုံဘုရားကျောက်စာတွင် အထင်အရှား သိမြင်နိုင်သည်။ ထိုကျောက်စာတွင်ကျန်စစ်သားမင်းကြီးက ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာကိုပေးအံ့၊ အမိသည် သားငယ်အား ရင်ခွင်၌နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့အား နှစ်သိမ့်ပါအံ့ ဟူ၍ဆိုထားသည်။ ယနေ့ခေတ်မြန်မာ့လူမှုကာကွယ် စောင့်ရှောက်ရေး၏ ရှေ့ပြေးမူဝါဒ ဖြစ်သည်။

ရှေးခေတ်က မင်းကောင်းမင်းမြတ်တို့သည် တိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားပမာ သဘောထားသကဲ့သို့ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အစိုးရက တိုင်းသူပြည်သားများအပေါ် လူမှုကာကွယ် စောင့်ရှောက်ရေးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ငွေကြေးဖြစ်သည်။ ရေရှည်ရန်ပုံငွေရရှိရေးမှာ အခက်အခဲ ဖြစ်လာနိုင်သည့်အတွက် ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒီဇင်ဘာ ၁၄ရက်နေ့က ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၁/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များ ရေရှည်တည်တံ့ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကျောထောက်နောက်ခံပြုထားနိုင်ရန် ပိုမိုအရေးကြီးကြောင်း၊ ထို့အတွက် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးအထောက်အပံ့ဆိုင်ရာ ဥပဒေ(မူကြမ်း)ပြီးစီးရေး ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

ရန်ပုံငွေရရှိရေးကိစ္စများတွင် ဝန်ကြီးဌာနများအကြား၊ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်း များအကြားထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်သာဖြစ်သည်။ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းမှာ အောင်မြင်မှုနှင့် တိုးတက်ဖြစ်ထွန်းမှုများ သာမက အခက်အခဲနှင့် စိန်ခေါ်မှုများ

ရှိနေကြောင်း သိရသည်။ မည်သို့သောအခက်အခဲနှင့်စိန်ခေါ်မှုရှိနေပါစေ နိုင်ငံတော်အစိုးရအနေဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။