တစ်လုတ်ကျွေးဖူး သူ့ကျေးဇူး အထူးမမေ့ရာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်သူလူထု အပေါင်းသည် နိုင်ငံတော်နယ်နိမိတ်အတွင်း နေထိုင်ကြသူများဖြစ်၍ နိုင်ငံတော်၏ ကျေးဇူးကို မမေ့ကြရန်လိုအပ်ပေသည်။ မြတ်ဗုဒ္ဓ၏သာသနာတွင် ရှင်သာရိပုတ္တရာ၏ ကျေးဇူးသိတတ်ပုံများစွာကို ဟောထားသောစာပေများရှိသည်။ ထိုအထဲမှ တစ်ခုကို ကောက်နုတ်တင်ပြချင်ပါသည်။ သာဝတ္ထိပြည်၌ ရာဓအမည်ရှိသော ပုဏ္ဏားကြီးတစ်ဦး ရှိသည်။ ပုဏ္ဏားကြီး၏ ဇနီးကွယ်လွန်သောအခါ မှီခိုအားထားစရာသား သမီးမရှိ သောကြောင့် ဇေတဝန် ကျောင်းတော်သို့သွားကာ မှီခိုနေထိုင်ရရှာသည်။ ကျောင်းမှာ နေစဉ် ရာဓသည် ကျောင်းပရိဝုဏ်အတွင်း တံမြက် လှည်းခြင်း၊ မြက်သစ်ပင်တို့ကို ရှင်းလင်းခြင်းအလုပ်များကို နေ့စဉ်လုပ်ကိုင်သည်။ ရာဓပုဏ္ဏားကြီးမှာ ရဟန်းများနှင့် အတူနေပါများလာသောအခါ သူကိုယ်တိုင် ရဟန်းဝတ်ချင်စိတ်ဖြစ်ပေါ်လာသည်။ နီးစပ်ရာရဟန်းတော်များကို သူ့အားရဟန်း ဝတ်ပေးပါရန်လျှောက်ထားသည်။ မည်သည့်ရဟန်းကမျှ သူ့အားရဟန်းဝတ်ပေးရန် လိုလိုလားလားမရှိသည့်အခါပုဏ္ဏားကြီးစိတ်မှာမရွှင်မပျဖြစ်နေသည်။ အရင်က ဝဝဖြိုးဖြိုး ဖြစ်နေသောခန္ဓာကိုယ်မှာ တစ်နေ့တခြားပိန်ချုံး၍လာသည်။ တစ်နေ့သ၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှုတော်မူစဉ်  ရာဓပုဏ္ဏားကြီးကိုတွေ့မြင်သဖြင့် နှုတ်ဆက်စကားမြွက်ကြားတော်မူသည်။ ပုဏ္ဏားကြီးက သူ့စိတ်တွင်ဖြစ်ချင်နေသောဆန္ဒကို ဘုရားရှင်အားလျှောက်ထားလိုက်သည်။ ဘုရားရှင်က ဇေတဝန်ကျောင်းတိုက်အတွင်းရှိ ရဟန်းများအားစုဝေးစေသည်။ အားလုံးစုံညီသောအခါ ရာဓပုဏ္ဏားကြီး၏ အကြောင်းကို မိန့်ကြားတော်မူသည်။ ''ရဟန်းတို့.. ဤရဟန်း ပရိသတ်အတွင်း၌ ရာဓပုဏ္ဏားကြီး၏ ကျေးဇူးကို သတိရသူ တစ်စုံတစ်ယောက် ရှိပါသလော''ဟု မေးတော်မူသည်။ ထိုအခါ ရှင်သာရိပုတ္တရာက ''အရှင်ဘုရား ဤရာဓပုဏ္ဏားကြီးသည် တစ်ခါကတပည့်တော်အား ဆွမ်းတစ်ဇွန်းမျ ှလောင်းလှူခဲ့ဖူးပါသည်'' ဟူ၍ လျှောက်ထားသည်။ ဘုရားရှင်က ''သာရိပုတ္တရာ သို့ဖြစ်လျှင် သင်သည်ဤကဲ့သို့သောကျေးဇူးရှင်ကို ဆင်းရဲဒုက္ခမှလွတ်ကင်းအောင် ကယ်တင်သင့်သည်မဟုတ်ပါလော''ဟု မိန့်ကြား တော်မူသည်။ ရှင်သာရိပုတ္တရာက ရာဓပုဏ္ဏားကို ရဟန်းပြုပေးရန် တာဝန်ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင်ရဟန်းပြုပေးလိုက်ရာ  ရာဓပုဏ္ဏားကြီး လိုအင်ဆန္ဒပြည့်ဝ သွားလေသည်။ မြန်မာစကားပုံတွင် တစ်လုတ်ကျွေးဖူးသူ့ကျေးဇူးနှင့် တစ်လုတ်စားဖူး သူ့ကျေးဇူးဟူ၍ရှိသည်။ တစ်လုတ်စာမျှကျွေးမွေးခဲ့ဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်း တော့သကဲ့သို့ အနည်းငယ်မျှပင်ဖြစ်စေ ကူညီစောင့်ရှောက်ဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်းသည်သာဖြစ်သည်။ ရှင်သာရိပုတ္တရာသည် ဆွမ်းတစ်ဇွန်းလောင်း လှူဖူးသော ကျေးဇူးတရားကို မမေ့ဘဲ ရာဓပုဏ္ဏားကြီးအား ရဟန်းပြုပေးခဲ့သည်။ ရဟန်းအဖြစ်သို့ရောက်ရှိလာသောပုဏ္ဏားကြီးသည် အသက်အရွယ်ပင်ကြီးလင့်ကစား ဝါစဉ်အားဖြင့် ငယ်သောကြောင့် ဆွမ်းခံသွားသည့်အခါ သံဃာအားလုံး၏ နောက်ဆုံးမှ လိုက်ပါရသည်။ ဆွမ်းလောင်းသူများမှာ ရှေ့ပိုင်းမှမထေရ်ကြီးများကိုသာ ဂရုစိုက်၍ လောင်းလှူကြသဖြင့် နောက်ပိုင်းမှရဟန်းများမှာ ဆွမ်းအရနည်းကြသည်။ သို့ဖြစ်၍ ရဟန်းအိုကြီး ရှင်ရာဓမှာ မျှတလောက်အောင်ဆွမ်းမရဘဲ ပင်ပန်းဆင်းရဲ လျက်ရှ ိလေသည်။ ဤအခြေအနေကြောင့် ရှင်သာရိပုတ္တရာက ဆွမ်းခံသွားသည့်အခါ ရှင်ရာဓကို မိမိနှင့်အတူခေါ်သွားသည်။ ယင်းသို့ခေါ်သွားခြင်းကြောင့် ဆွမ်းအခက်အခဲ ပြေလည်သည့် အပြင်သွန်သင်စရာရှိသည်များကိုလည်း အနီးကပ်သွန်သင်နိုင်သည်။ ရှင်ရာဓကလည်း ရှင်သာရိပုတ္တရာ၏ ဆုံးမသြဝါဒကို မြေဝယ်မကျလိုက်နာကျင့်ကြံသည်။ နောက်မကြာမီအတွင်း၌ ရှင်ရာဓရဟန္တာဖြစ်သွားသည်။ ဤသည်မှာ ဆွမ်းတစ်ဇွန်း လောင်းလှူဖူးသော ကျေးဇူးကိုမမေ့သော ရှင်သာရိပုတ္တရာ၏ ကျေးဇူးတုံ့ပြန် ချက်ဖြစ်သည်။ ယနေ့တပ်မတော်သားတို့သည် နိုင်ငံတော်မှကျွေးသော ထမင်းနှင့် ဟင်းများကိုစား၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါမည်ဟူ၍ နိုင်ငံတော်၏ ကျေးဇူးကို အမြဲမမေ့ကြသူများဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကျော်၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်နေရာများ၌ နယ်မြေခံတပ်မတော်သားများ ကကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ COVID-19 ရောဂါကြို တင်ကာကွယ်၊  ကုသ၊  ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိခြင်း စသည်ဖြင့် များပြားစွာသော ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသည်မှာ နိုင်ငံတော်နှင့်ပြည်သူတို့၏ ကျေးဇူးကို မမေ့သူများအဖြစ် ပြသလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။