အားကစားသမားကောင်းများပေါ်ထွန်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၉  ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တိုးတက်ပြီး သာယာဝပြောသောနိုင်ငံအဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးကို အထူးအလေးပေးကာ ဦးတည်ချက် (၉) ရပ်တွင်ထည့်သွင်းဖော်ပြထားသည်။ အားကစားဆိုသည်မှာ လူငယ်ထု တစ်ရပ်လုံးနှင့် အဓိကသက်ဆိုင်သည်။ ငယ်ရွယ်စဉ်အချိန်သည် လန်းဆန်းတက်ကြွနေသော အရွယ်ဖြစ်သည်။ ပညာရည်မြင့်မားရေး နှင့်အတူ လူငယ်တို့လုပ်ဆောင်ရမည်မှာ အားကစားဖြစ်သည်။ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေးတို့သည် ခွဲခြားမရသော အရာများဟု ဆိုနိုင်သည်။

“အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းနှင့်လူငယ်များ၏စိတ်ဓာတ် (Mind Set) ကို ပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ် ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၆ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းထားသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အားကစားကွင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသည်။ တိုင်းဒေသကြီး နှင့်ပြည်နယ်/ခရိုင်အဆင့်အထိ မိုးလုံလေလုံအားကစားကွင်း၊ ရေကူးကန်၊ မီတာ ၄၀၀ ပြေးလမ်းပါဘောလုံးကွင်း၊ ပွဲကြည့်စင်များ မဖြစ်မနေ ဆောင်ရွက်စေပြီး အားကစားလုပ်ဆောင်မှုများကို အားပေးလျက်ရှိသည်။

အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက် စေသည်။ တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ လက်ရှိအနေအထားတွင် မြန်မာ့အားကစား ကဏ္ဍအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည်ကို မြှင့်တင်အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အားကစားကဏ္ဍ တိုးတက်ရေးသည် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရသည်မျိုးမဟုတ်သည့်အတွက် အရောင်အသွေး အဆင်းရနံ့နှင့် ပြည့်စုံသော ပန်းလှလှကို အလိုရှိသူကဲ့သို့ တဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။

လူငယ်တစ်ဦးအတွက် မဖြစ်မနေဖြတ်သန်းရမည့် ပတ်ဝန်းကျင်သည် စာသင်ကျောင်းဖြစ်သည်။ စာသင်ကျောင်းများသည် လူငယ်တို့ဘဝ အချိန်ကာလများ မြှုပ်နှံရာဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူတိုင်းသည်စာကိုလည်းသင်၊ အားကစားကို လည်း လေ့ကျင့်မည်ဆိုပါက လူငယ်တိုင်း ကျန်းမာကြံ့ခိုင်ပြီး အားကစားသမားကောင်းများလည်းပေါ်ထွက်လာမည်ဖြစ်သည်။ မည်သည့်ပညာရပ်မဆို တစိုက်မတ်မတ်လေ့ကျင့်ပါက ထူးချွန်ထက်မြက်အောင်မြင်ပေမည်။ လူငယ်တိုင်းသည် အားကစားတစ်ခု ခုကိုစွဲစွဲလမ်းလမ်း လေ့ကျင့်လုပ်ဆောင်မည်ဆိုပါက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိလာမည်မှာ အမှန်ဖြစ်သည်။

ထို့ပြင်လူငယ်တိုင်း သို့မဟုတ် နိုင်ငံအတွက် အားကစားပြိုင်ပွဲများတွင်ပါဝင်သူတိုင်း မဖြစ်မနေရှိထားရမည့်စိတ်ဓာတ်မှာ အားကစား စိတ်ဓာတ်ရှိရေးဖြစ်သည်။ အားကစားယှဉ်ပြိုင်ရာ၌ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကိုစောင့်သိလျက် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် အားသွန်ခွန်စိုက်ယှဉ်ပြိုင်ခြင်း၊ အားကစားယှဉ်ပြိုင်ရာ၌ ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက်ဆိုသကဲ့သို့ မလျှော့သောဇွဲ၊သတ္တိ၊ ပြင်းပြသောလုံ့လတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အားကစားယှဉ်ပြိုင်ရာ၌ ရွှေတံဆိပ်ရရှိရေး ထက်ပို၍အရေးကြီးသည်မှာ ယှဉ်ပြိုင်ဘက်အားကစားသမားတစ်ဦးဒုက္ခကြုံတွေ့နေရခြင်းအား ကိုယ်ကျိုးစွန့်၍ ကူညီခြင်းတို့သည် အားကစားစိတ်ဓာတ်ပြည့်ဝမှုကို ပြသခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အားကစားသမားတိုင်းသည် စိတ်ဓာတ်ကောင်းရန်၊ စည်းကမ်း ကောင်းရန် လိုအပ်ခြင်းဖြစ်သည်။

ဘောလုံးအားကစားသည် ကမ္ဘာတွင်ထင်ရှားပြီး ပရိသတ်အများအပြား အားပေးသည့် အားကစားတစ်ခုဖြစ်သည့်အပြင် နိုင်ငံ၏ အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူတွေ့မြင်နိုင်သည်ဖြစ်သဖြင့် အချိန်ယူလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ကာ  ငယ်စဉ်က တည်းက ပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေး ငယ်ရွယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲက လမ်းညွှန်မှုပြုထားသည်ကို အလေးအနက်ထားလျက် အားကစားသမားကောင်းများ ပေါ်ထွန်းရေး ဆောင်ရွက်ကြ ပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။  ။