သံတမန်ကျင့်ဝတ်သိက္ခာနှင့်အညီရှိစေချင်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်)

မြန်မာနိုင်ငံသည် သာယာဝပြော၍ စားရေရိက္ခာဖူလုံသော နိုင်ငံအဖြစ်ရပ်တည်နိုင်အောင် ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိ သည်။ ထိုသို့ ကြိုးပမ်းလျက်ရှိရာတွင် အကြမ်းဖက်အဖျက်သမားတို့၏ ပြည်တွင်းတွင်ဘုန်းကြီးကိုသတ်၊ ကျောင်းဆရာ၊ ဆရာမတွေ ကိုသတ်၊ ဆရာဝန်၊ သူနာပြုတွေကိုသတ်၊ အပြစ်မဲ့ပြည်သူတွေကိုသတ်၊ လမ်းတံတားနှင့်အဆောက်အအုံများ၊ ကျေးရွာများကို မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးနေသည်များ ကင်းစင်အောင်လုပ်ဆောင်လျက်ရှိသည်။ ပြည်သူတစ်ရပ်လုံးကလည်း အကြမ်းဖက် အဖျက်သမားတို့ကို စက်ဆုပ်ရွံရှာပြီး နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း တည်ငြိမ်ရေး ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာနှင့်လည်း မိတ်ဝတ်မပျက်ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ ဟူသောစိတ်ဖြင့် သံခင်းတမန်ခင်း ကိစ္စရပ်များကို အဆင်ပြေစွာဆောင်ရွက်လျက်ရှိသည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေးအတွက် နိုင်ငံအချင်းချင်းသံတမန်များ အပြန်အလှန်ခန့်ထားကြသည်။ မြန်မာတို့သည် သံတမန်ရေးရာကိစ္စနှင့် ပတ်သက်လျှင် မည်သည့်အခါမျှ သူတစ်ပါး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပေ။ သံတမန် ကျင့်ဝတ်သိက္ခာနှင့် အညီပြုမူဆက်ဆံလျက်ရှိသည်။ ကုန်းဘောင်ခေတ်ဘိုးတော်မင်းတရားလက်ထက်တွင် သံတမန်အင်္ဂါရပ်နှင့် ပတ်သက်၍ သောတာစ-သူတစ်ထူး၏ စကားကို လျင်မြန်စွာ ကြားတတ်ခြင်း။ သာဝေတာစ-ကြားသောစကားကို မယုတ်မလွန်စေရ၊ သူတစ်ပါးကိုပြောဆိုခြင်း။ ဥဂ္ဂဟေတာစ-ရွက်ဆောင်သောအမှုကို ကောင်းအောင်အားထုတ်ခြင်း။ ဓာရေတာစ-မြဲမြံစွာအမှတ်အသား ရှိခြင်း။ ကုသလောစ-လိမ္မာဆန်းကြယ်သောအမှုကိုနားလည်ခြင်း။ သဟိတာစ-အကျိုးစီးပွားကိုသိတတ်ခြင်း။ သဟိဿစ-ကိုယ်၏ အကျိုးစီးပွားရှိသည့်အတိုင်း သူတစ်ပါးကို ပွားများအောင်ပြုတတ်ခြင်း ။ကလဟာစ-သူတစ်ပါးတို့နှင့် ရန်မီးပွားအောင် အငြင်းအခုံ အတင်အလွှားအမှုစကားများ မပြုခြင်းစသည်ဖြင့် သံတမန်အင်္ဂါ(၈) ရပ်သတ်မှတ်ထားခဲ့သည်။

မြန်မာစာအဘိဓာန်တွင် သံတမန်ဟူသောစကားရပ်နှင့်ပတ်သက်၍ မင်းတစ်ပါးက အခြားမင်းတစ်ပါးထံသို့ နိုင်ငံအရေးအခင်း ကိစ္စဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသူ။ အခြားနိုင်ငံသို့ သွားရောက်နေထိုင်၍ နိုင်ငံ့ကိစ္စအ၀၀ကို နိုင်ငံကိုယ်စားဆောင်ရွက်ရသူဟူ၍ ဖော်ပြထားပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများစွာနှင့် သံတမန်အဆက်အသွယ်ထားရှိသလို ပြည်ပနိုင်ငံများ၏သံရုံးများကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခွင့်ပြုထားသည်။ မြန်မာနိုင်ငံတွင်နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်များကို သံတမန်များသိရှိအောင် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှင်းလင်းထားပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် အခြေစိုက်သော သံရုံးများ အနေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်ရပ်မှန်ကို ဖြစ်ရပ်မှန်အတိုင်း သိထားကြပြီးလည်းဖြစ်သည်။

သို့သော်အနောက်နိုင်ငံများမှ သံရုံးအချို့သည် NLD ပါတီမှပေါ်ပေါက်လာသော CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားတို့၏ အကြမ်းဖက် အဖျက်လုပ်ရပ်များနှင့် ပတ်သက်၍ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့သော်လည်း ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍မမှန်ကန်သော သတင်းများကို အခြေခံ၍ ကြေညာချက် ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ဖြစ်ရပ်မှန်ကို သတင်းအမှန်အတိုင်း ထုတ်ပြန်သည်ကို မြန်မာပြည်သူများက လိုလားသော်လည်း လိုရာဆွဲ၍ ကြေညာချက်ထုတ်ပြန်ခြင်းကို ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးပါသည်။ ရန်ကုန်မြို့ အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ သံရုံးများသို့ ဒီဇင်ဘာ ၂၆ ရက်တွင်သံတမန်စာပေးပို့ပြီး ၎င်းတို့ကြေညာချက်တွင်ပါရှိသည့် အချက်များသည် စိစစ် အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းများကို အခြေခံထားကြောင်း အစိုးရဆန့်ကျင်သူများ၊ အကြမ်းဖက်သမားများနှင့် သောင်းကျန်း သူများထံမှရရှိသည့် သတင်းများဖြစ်ကြောင်း၊ အဆိုပါအခြေအမြစ်မရှိသည့် သတင်းများနှင့်စွပ်စွဲမှုများကို တစ်ဖက်သတ် ထုတ်လွှင့်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သောကြောင့် ယင်းသို့မပြုလုပ်ရန် သတိပေးခဲ့ကြောင်းနှင့် အဆိုပါထုတ်ပြန်ကြေညာချက်ကိုလည်း ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။

သံတမန်ဆိုသည်မှာ နိုင်ငံတိုင်းအတွက်ဧည့်သည်သာဖြစ်သည်။ သတ်မှတ်ကာလပြီးဆုံးသည်နှင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်သွားကြရ သည်။ မြန်မာနိုင်ငံမှအခြားနိုင်ငံများတွင် သွားရောက်အမှုထမ်းဆောင်ကြရသော သံတမန်များသည်လည်း ထိုနည်းအတိုင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အခြားနိုင်ငံတွင် တာဝန်ထမ်းဆောင်သော သံတမန်မှန်သမျှမှာ အိမ်ရှင်နိုင်ငံ၏စည်းမျဉ်း၊ ဥပဒေအတိုင်း လိုက်နာနေထိုင်သည့် အတွက် မည်သည့်ပြဿနာမျှ ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပေ။ ယခုသော်အနောက်နိုင်ငံများမှ သံရုံးအချို့၏ လုပ်ရပ်သည် အိမ်ရှင်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။ အမှန်ဆိုလျှင် ဘိုးတော်ဘုရား လက်ထက်ကတည်း ကရှိခဲ့သော ကလဟာစ-သူတစ်ပါးတို့နှင့်ရန်မီးပွားအောင် အငြင်းအခုံ အတင်အလွှားအမှုစကားများ မပြုခြင်းဟူသော ကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံကဲ့သို့ ရိုးသားဖြောင့်မတ်သော နိုင်ငံတွင်တာဝန်ထမ်းဆောင်နေသော သံတမန်များအနေဖြင့် သံတမန်ကျင့်ဝတ်သိက္ခာနှင့်အညီ ရှိစေချင်ပါကြောင်းရေးသားလိုက်ရပေသည်။  ။