နှစ်သစ်ကူးပြောင်း အောင်စေကြောင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာနှစ်သစ်ကူးပြောင်းသောနေ့ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကောင်းမွန်စွာ ကြိုဆိုပါသည်။

နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာသည်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်အတိုင်းလုပ်ဆောင်နေမှုများအောင်မြင်ပါစေ။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များ အောင်မြင်မှသာ နိုင်ငံတော်ကြီးအေးချမ်းသာယာမည် ဖြစ်သည်။ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် မြန်မာနိုင်ငံအတွက် မရှိမဖြစ်သောအရာ ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးပေါင်းစည်းနေထိုင်သော နိုင်ငံဖြစ်ပေရာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခိုင်မာနေရန် အထူးလိုအပ်သည်။ စည်းလုံးညီညွတ်ခြင်း၊ အေးချမ်းသာယာခြင်းတို့၏ ဆန့်ကျင်ဘက်သည် ပစ်ခတ်တိုက်ခိုက်နေမှုများ ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်တည်ငြိမ်တိုးတက်ရေးကို အဟန့်အတား ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် သဘောတူလက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။ ဃြဗ တွင်လက်မှတ်ရေးထိုးရန် ကျန်ရှိသောတိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့်လည်း အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် မိမိတို့နေထိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ကြမည် ဖြစ်သည်။

နှစ်ဟောင်းမှာဖြစ်ပျက်ခဲ့သောဖြစ်ရပ်ဆိုးများ နှစ်ဟောင်းတွင် ကျန်ရစ်ပါစေ။ နှစ်သစ်တွင် မကောင်းသော ဘေးရန်အပေါင်းလွင့်စဉ် ကွယ်ပျောက်၍ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။ ဆရာတော်၊ သံဃာတော်များ၏ သာသနာဆိုင်ရာ ဆောင်ရွက်ချက်များ အောင်မြင်ပြီးမြောက်၍ သာသနာတော်ကြီး ထွန်းလင်းတောက်ပနိုင်ပါစေ။ ဘာသာသာသနာကိုပျက်စီးအောင်ဖျက်ဆီးနေသူများကျဆုံးပါစေ။ မြန်မာနိုင်ငံ၏ ပိုင်နက်မြေပြင်ရေပြင်ဝေဟင်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသော တပ်မတော်ကြီး အင်အား တောင့်တင်းပြီးစွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်ပါစေ။ ယနေ့လူငယ်နောင်ဝယ်လူကြီး အနာဂတ်တွင်နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ကြရမည့် ယနေ့လူငယ်မောင်မယ်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာ ကြွယ်ဝ၍ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသူများ ဖြစ်ကြပါစေ။ နိုင်ငံ့ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက် နိုင်ကြပါစေဟူ၍ နှစ်သစ်မှာ ဆုတောင်းမှုပြုအပ်ပါသည်။

နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်နေကြသော တောင်သူလယ်သမားဦးကြီးများ၏ လုပ်ငန်းများ အောင်မြင်ပါစေ။ အလုပ်သမားများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပြီး အများပြည်သူများအကျိုး သယ်ပိုးနိုင်ကြပါစေ။ နိုင်ငံသူနိုင်ငံသား များသည်လည်း မိမိတို့ယုံကြည် ကိုးကွယ်ရာ ဘာသာတရား၏ အဆုံးအမအောက်တွင် မိမိကိုယ်ကိုကောင်းစွာ စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေး နှိုးဆော်ကြေညာချက်တွင် ပါရှိသည့် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့်နေရာ အသီးသီးတွင် တရားမဝင်လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ အပ်နှံခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းကူညီနိုင်သူများ ဖြစ်စေချင်ပါသည်။

လူသားတိုင်းသည် စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် ဘဝကိုရှင်သန် နေထိုင်လိုကြပါသည်။ လူသားအချင်းချင်းတစ်ဦးအပေါ်တစ်ဦးက ဗြဟ္မစိုရ်တရားထားရှိခြင်းသည် လူမှုပတ်ဝန်းကျင် တည်ငြိမ်ရေးအတွက် အကောင်းဆုံး တရားဖြစ်သည်။ မေတ္တာပို့သခြင်းသည် ဗြဟ္မစိုရ်တရား၏ အခြေခံဖြစ်ပြီး ကောင်းမွန်သော အလုပ်ဖြစ်ပေသည်။ သူ့ကိုကိုယ်ချစ်မှ သူကကိုယ့်ကိုချစ်မည်မှာ လောက၏နိယာမတရား ဖြစ်သည်။ မေတ္တာသည်စိမ့်စမ်းရေကဲ့သို့ ကြည်လင်အေးမြလှပါသည်။ ဤကမ္ဘာလောက၌   မေတ္တာတရားများ လွှမ်းမိုးနေမည်ဆိုလျှင် ကပ်သုံးပါးဟုဆိုအပ်သော ငတ်မွတ်ခေါင်းပါးဘေးကြောင့်ပျက်စီးခြင်း၊ လက်နက် ဘေးကြောင့် ပျက်စီးခြင်း၊ ရောဂါဘေးကြောင့် ပျက်စီးခြင်းတို့မှ ကင်းဝေးလွတ်မြောက်မည် ဖြစ်သည်။

ယခုအခါလူသားတို့တွင် မေတ္တာဓာတ်ခေါင်းပါးလာမှုကြောင့် ဆွေမျိုးများ ပျက်စီးခြင်း၊ စီးပွားဥစ္စာပျက်စီးခြင်း၊ အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊ မှားသောအယူ ယူမိသဖြင့် အယူမှန်ပျက်စီးခြင်း၊ ကိုယ်ကျင့်သီလ ပျက်စီးခြင်းတို့သည် မေတ္တာတရားယိုယွင်းခြင်းကြောင့် ဖြစ်ပေသည်။ ၂၀၂၂ ခုနှစ်သည် မြန်မာတို့အတွက် အပြုသဘောဆောင်မည့် အပြောင်းအလဲ သက်ဝင်လှုပ်ရှားမှုများ စတင်သန္ဓေတည်မည့်နှစ် ဖြစ်ပါသည်။ တစ်ဖက်တွင် သောင်ထွန်းလျှင် တစ်ဖက်တွင် ကမ်းပြိုလေ့ရှိသော သဘာဝအရ ဆိုးရွားမှုများကမ်းပြိုခဲ့ပြီးပြီမို့ မြန်မာနိုင်ငံအတွက် ယခုနှစ်မှစ၍ ကောင်းမွန်သော အသီးအပွင့်များ ပေါ်ထွန်းလာတော့မည် ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်သည် ကမ္ဘာအတွက် ဆိုးရွားသော အဖြစ်အပျက်များရင်ဆိုင်ရသော အချိန်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ကံကောင်းမှုတွေ စတင်သယ်ဆောင်လာမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ပညာရှင်အချို့က ဟောကိန်းထုတ်ထားကြောင်း သိရှိရပါသည်။ အနှစ်ချုပ်ဆိုရသော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး နှစ်သစ်ကူးပြောင်း အောင်စေကြောင်း ဆုတောင်း ရေးသားလိုက်ရပေသည်။  ။