ပြာသိုလနှင့်ရှင်တစ်ထောင်အခါတော်နေ့

ပြာသိုလနှင့်ရှင်တစ်ထောင်အခါတော်နေ့

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ  ၁၆ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သည် ၁၃၈၃ ခုနှစ် ပြာသိုလဆန်း ၃ ရက်နေ့တွင် ကျရောက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး စတင်ရရှိသောနေ့သည် ပြာသိုလတွင် စတင်ခဲ့သလို နှစ်စဉ်တိုင်းလိုလိုမှာပင် လွတ်လပ်ရေးနေ့သည် ပြာသိုလနှင့် တိုက်ဆိုင်ခဲ့သည်။ ပြာသိုလသည် မြန်မာတို့အတွက် ထူးခြားသော လဖြစ်သည်ဟုဆိုနိုင်သည်။ ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်တိုင်းရင်းသားတို့၏ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်သည်မှာလည်း ထူးခြားချက်ဖြစ်သည်။ ယခုနှစ်ပြာသိုလတွင် (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ ကျင်းပပြုလုပ်သည်မှာလည်း ဘာသာ၊ သာသနာအတွက် ထူးမြတ်ခြင်းဖြစ်သည်။

ရှေးကမြန်မာမင်း များသည် ပြာသိုလကို အထူးစိတ်ဝင်စားသည်။ ထိုလတွင် မြင်းခင်းသဘင်ပွဲခေါ် သူရဲကောင်းများ ရွေးချယ်ပွဲ ကျင်းပသည်။ ထိုမြင်းခင်း သဘင်ပွဲတွင် မင်းညီမင်းသား မှူးမတ်များနှင့် စစ်သေနာပတိတို့သည် မိမိတို့အဆောင်အယောင် အဝတ်အစားများကိုဝတ်ဆင်ကာ ဓားရေး၊ လှံရေး၊ လေးရေး၊ သေနတ်ရေး၊ ဆင်ရေး၊ မြင်းရေးတို့ကို လေ့ကျင့်ပြသကြသည်။ မြင်စိုင်းခေတ်တွင် နိုင်ငံတော် ကာကွယ်ရေးအတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်စေသော စစ်သီချင်းများ ရေးဖွဲ့သည်။ ထိုသီချင်းများသည် စစ်သွေးစစ်မာန် တက်ကြွစေသည်။ ယနေ့ခေတ်တွင် အလွန်ထင်ရှားသော မြန်မာပြည်သား သီချင်းကဲ့သို့ပင် ထိုခေတ်က ထိုသီချင်းသည် လွန်စွာထင်ရှားခဲ့ပြီး ကာချင်း ဟု အမည်တွင်ခဲ့သည်။ ကာချင်းဆိုသည်မှာ လက်ယာလက်က ဓား၊ လက်ဝဲလက်က ကာကိုကိုင်ကာ တစ်ဖက်က တိုက်ခိုက်လာသည်ကို ကာကွယ်ဟန်၊ ဓားခုတ်ဟန်၊ ဓားဝင့်ဟန်များဖြင့် ခြေကို သိုင်းကွက်ကျနင်း၍ ကရာတွင် သီဆိုသော သီချင်းဖြစ်သည်။ စစ်သွေးစစ်မာန် အားမာန်တက်ကြွစေသော သီချင်းတစ်မျိုးဖြစ်သည်။ ထိုခေတ်က ပြည်ပရန်ကာကွယ်မှု၊ ပြည်တွင်းအင်အား တောင့်တင်းမှုအတွက် စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ယနေ့တိုင်ထင်ရှားသော ထိုကာချင်းမှာ သီချင်းအဖြစ်လည်း တက်တက်ကြွကြွ ရှိလှသည်။ ကဗျာအနေဖြင့်လည်း မြန်မာကဗျာရေးနည်းတွင် ကာချင်းရေးနည်းဟူ၍ ရေးနည်းတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။

မြင်စိုင်းရွှေပြည်ကာချင်းတွင် နန်းတော်ကြီးထဲ၌ ဆင်ထိန်းမြင်းထိန်းများသည် လှံ၊ ချွန်းများကို ကိုင်၍ ဆင်မြင်းတို့ကို ထိန်းသိမ်းလေ့ကျင့်နေပုံကို ''ယရည်းသွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်းတွန်းတက်ပယ်၊ တွန်းတက်ပယ်။ စောလူးစီးတန်၊ မျိုးဆက်ဒန်၊ လျင်ထန်မြင့်မဆွယ်၊ မြင့်မဆွယ်'' စသည်ဖြင့် မြန်မာ့စစ်စွမ်းရည်ကို တက်ကြွဖွယ် ဖွဲ့ဆိုထားခဲ့သည်။ မြန်မာနိုင်ငံသည်သာ သူ့ကျွန်အဖြစ် မကျရောက်ခဲ့လျှင် ရှေးက မြန်မာတို့တတ်ကျွမ်းသော ပညာများသည် ယနေ့တိုင် အံ့ဖွယ်အဖြစ် မြင်တွေ့နေရမည်ဖြစ်သည်။ ရှေးက မြင်းစီးသူရဲကောင်းတို့သည် မြင်းကိုထိုင်လျက်၊ ရပ်လျက်၊ အိပ်လျက်၊ ရှေ့ပြန်နောက်ပြန် ပြုလုပ်စီးပြကြသည်။

တစ်ဖန်မြင်းစီးလျက်ကပင် အဲမောင်းကို လှံဖြင့်ပစ်ခြင်း၊ ဓားရေးပြခြင်းတို့ကိုလည်း အစွမ်းပြကြသေးသည်။

အဲမောင်းဆိုသည်မှာ ထိပ်တွင် အလံလွှင့်ထူထားသော စက်ဝန်းကြီးများဖြစ်သည်။

ရှေးအခါကစစ်တိုက်ရာတွင် ရန်သူနှင့် ရင်ဆိုင်တိုက်ရသဖြင့် မြင်းစီး၊ ဆင်စီး ကျွမ်းကျင်ရန် အထူးလိုအပ်ပေသည်။ လေးအတတ်၊ မြားအတတ်၊ ဓားခုတ်လှံထိုးအတတ်၊ သိုင်းအတတ်များနှင့် ဆင်စီးမြင်းစီး ကျွမ်းကျင်ခြင်းသည် မင်းညီမင်းသား သူရဲကောင်းများအတွက် မရှိမဖြစ် အရည်အချင်းဖြစ်ပေသည်။ ထိုအရည်အချင်းများ ထုတ်ဖော်ပြသခွင့်ရရန် အလို့ငှာ သူရဲကောင်းရွေးပွဲကို ရာသီပွဲအဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။ မြင်းခင်းသဘင်ဟု ပညတ်သော်လည်း အမှန်စင်စစ် ဆင် မြင်း ရထား ခြေလျင်ဟူသော စစ်အင်္ဂါလေးပါးစလုံး အကျုံးဝင်ပါသည်။ ဘုရင့်ရှေ့မှောက်တော်၌ မင်းညီမင်းသားမှစ၍ အိုးစား၊ အကြပ်တပ်သားများအထိဓားခုတ် လှံထိုး စက်ထိုး စသည့် လက်ရုံးရည်များ ယှဉ်ပြိုင်ကာ ဆုတော်များ ခံယူကြရသည်။ ဤပွဲများက မွေးထုတ်ခဲ့သော သူရဲကောင်းများကြောင့် မြန်မာတို့၏ စစ်ရေးစွမ်းရည်သည် အာရှတစ်ခွင်တွင် လျှမ်းလျှမ်းတောက် မြင့်မားထင်ရှားခဲ့ခြင်းဖြစ်ပေသည်။

ရှေးခေတ် တပ်မတော်သားတို့၏ အစဉ်အလာကို ယနေ့တပ်မတော်သားတို့က အမွေဆက်ခံကြသည်။

သူရဲကောင်းများ ထွန်းကားမှုကြောင့် ပြာသိုလတွင် အထူးခြားဆုံးသော ကောင်းကျိုးမှာ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေး စတင်ရရှိခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးနေ့တိုင်းတွင် သူရဲကောင်းတို့ကို ချီးကျူးဂုဏ်ပြုလျက်ရှိသည်။ ထိုသူရဲကောင်းတို့ ရှိနေသမျှကာလပတ်လုံး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးသည် တည်တံ့ခိုင်မြဲနေပေမည်။ ပြာသိုလသည် သူရဲကောင်းတို့ ပေါ်ထွန်းသည့်လနှင့်  ပြာသိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက ရှင်တစ်ထောင်အခါတော်နေ့ဟုလည်း မှတ်တမ်းထားရှိသည်။ ဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် သုံးပါးအပါအဝင် ရသေ့တစ်ထောင်တို့သည် မိမိတို့အယူဝါဒကို စွန့်လွှတ်ပြီး မြတ်ဗုဒ္ဓသာသနာအတွင်း ကူးပြောင်းဝင်ရောက်လာကြခြင်းကို အကြောင်းပြုခဲ့ခြင်းဖြစ်သည်။ ရသေ့ညီနောင် သုံးဦးနှင့် တပည့်ရသေ့ တစ်ထောင်တို့သည် ရဟန်းဘဝကို ရရှိပြီးနောက် ပြာသိုလပြည့်နေ့၌ ဘုရားရှင်က အာဒိတ္တပရိယာယသုတ္တန် ကို ဟောကြားတော်မူသည်။ ထိုနေ့မှာပင် ရဟန္တာများ ဖြစ်သွားကြသည်။ ဤသည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင် အခါတော်နေ့အဖြစ် ဖော်ပြခြင်းဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် ပြာသိုလသည် မြန်မာတို့အတွက် ကောင်းမွန် ထင်ရှားသောလ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။