အထူးပင်ကျေးဇူးတင်ပါကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးပြီး မိမိတို့အနေဖြင့် တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ လူ့အသက်ထက် အရေးကြီးတာဘာမှ မရှိသည့်အတွက် ကျန်းမာရေး ဝန်ထမ်းအခက်အခဲ၊ ကာကွယ်ကုသ ထိန်းချုပ်ရေး ဆေးဝါးများ၊ ပစ္စည်းများ စသည့် အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ခံ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးရရှိရေးအတွက် ယခင်အစိုးရလက်ထက်တွင် အိန္ဒိယမှ မှာယူထားခဲ့ပြီးဖြစ်သော်လည်း အိန္ဒိယနိုင်ငံတွင် ရောဂါဖြစ်ပွားမှုများ များပြားလာသည့်အတွက်

ရောက်ရှိခဲ့ခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံပေါင်းစုံနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို ရည်မှန်းဆောင်ရွက်ခဲ့သည့်အတိုင်း ဒီဇင်ဘာလ ကုန်တွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဇန်နဝါရီ ၁၄ ရက်နေ့က ၁ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံမှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု ရှိခြင်းတို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ကျဆင်းနေခြင်း ဖြစ်သည်။ ပြည်ပမှ ပြန်ဝင်လာသူများတွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုးတွေ့ ရှိနေသည့်အတွက် ပြည်တွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။ ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံပြီးပါက ကူးစက်မှုနှုန်း ကျဆင်းသည်ထက် ကျဆင်းမည်သာ ဖြစ်ပါသည်။ အဓိကအချက်မှာ ကာကွယ်ဆေးထိုးနှံပြီးစီးရေး ဖြစ်သည်။ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် ကာကွယ်ဆေးများ လုံလောက်စွာ ရှိနေရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် စိတ်ရင်းကောင်းသောနိုင်ငံ ဖြစ်သည့်အတွက် မိတ်ဆွေနိုင်ငံများ ပေါများလှပါသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိရေးအတွက် နိုင်ငံပေါင်းစုံနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိရာတွင် မိတ်ဆွေနိုင်ငံများစွာက လှူဒါန်းမှု ပြုခဲ့သည်များ ရှိပါသည်။ ဇန်နဝါရီလအတွင်း လှူဒါန်းမှုစာရင်းကို ဖော်ပြရလျှင် ဇန်နဝါရီ ၇ ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ခရီးစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူ ပြုနိုင်ရန် နှာခေါင်းစည်း ၃၂၀၀၀၀၀၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ၃၀၀၀၀၊ အသက်ရှူ အထောက်အကူပြုစက်အလုံး ၅၀၊ လူနာစောင့်ကြည့်စက်အလုံး ၅၀ နှင့်ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင်စက်အလုံး ၅၀ နှင့်အခြားသော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်းခဲ့ခြင်းကို အထူးပင် ကျေးဇူးတင်ပါသည်။

ထို့ပြင် ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ၁၇ သန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin  နှစ်သန်းကို လှူဒါန်းမည်ဖြစ်ရာ ဇန်နဝါရီ ၉ ရက်နေ့က ပထမအသုတ် တစ်သန်းရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဒုတိယအသုတ်တစ်သန်း ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း လှူဒါန်းမှုကိုလည်း အထူးပင်ကျေးဇူးတင်ပါသည်။ ထို့အတူ ဇန်နဝါရီ ၁၃ ရက်ညပိုင်းတွင် ရုရှားနိုင်ငံက Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးလေးသိန်းလှူဒါန်းမှုကိုလည်း အထူးပင် ကျေးဇူးတင်ပါသည်။ ကာကွယ်ဆေးများအား ရုရှား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများလှူဒါန်းခြင်းဖြစ်သည်။ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးခြောက်သိန်း Doses သည် ဇန်နဝါရီ ၁၆ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။ ရုရှားနိုင်ငံကထုတ်လုပ်သည့် Sputnik Light  ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် များစွာ အထောက်အကူပြုကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူလူထုအနေဖြင့် လူမှုစီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့သည်။

နောက်ထပ်ပေါ်ပေါက်လာမည့် ကိုဗစ်လှိုင်းများအား ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့် လတ်တလော ဖြစ်ပွားနေဆဲ ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားမည်ဆိုသည့်အတိုင်း ဆောင်ရွက်နေသည်မှာ အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် ရဟန်းရှင်လူပြည်သူအပေါင်း၏ ကျန်းမာရေးကို အားသွန်ခွန်စိုက် ဦးဆောင်ကြိုးပမ်းလျက်ရှိသော နိုင်ငံတော်အစိုးရနှင့် လှူဒါန်းမှုပြုသော မိတ်ဆွေနိုင်ငံများအား အထူးပင်ကျေးဇူးတင်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။