တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး

တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ  ၂၂ ရက်)

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်မှာ တရားမဝင် ကုန်သွယ်မှု ရှိနေခြင်းက အဓိကအချက်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသမျှ တရားဝင်လုပ်ကိုင် သောလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏလျော့ကျခြင်း  မှာလည်း တရားမဝင် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များ၏ကုန်သွယ်မှု ကိန်းဂဏန်းများကို လေ့လာကြည့်လိုက်လျှင် တရားမဝင် ကုန်သွယ်မှုများမှာ များစွာကွာဟမှုများ ရှိနေကြောင်း သိရှိရသည်။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့်ပြိုင်ဆိုင် ရောင်းချနိုင်စွမ်း နည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် တရားမဝင် ကုန်သွယ်မှုတားဆီးရေး လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးသွားရန် လိုအပ်လာပြီဖြစ်ပေသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက အုပ်ချုပ်ခဲ့သော အစိုးရ၏ စီးပွားရေး ကျဆင်းမှုများတွင် အဓိကအချက်မှာ မှောင်ခိုဈေးကွက် ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်သည်။ ထိုခေတ်က အခေါ်အဝေါ်အရ မှောင်ခိုဈေးကွက်မှာ ယခုခေတ်တွင် တရားမဝင် ကုန်သွယ်မှုဖြစ်သည်။ နိုင်ငံတော်ကို အမှန်တကယ် ပေးသွင်း ရမည့် အခွန်ငွေကိုရှောင်လွှဲလိုခြင်းဖြင့် တရားမဝင် ကုန်သွယ်မှုပြုနေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်နေ့တွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။  ကော်မတီ၏ လုပ်ငန်း တာဝန်များအပိုင်း(၂)အပိုဒ်ခွဲ(၈)တွင် တရားမဝင် ကုန်သွယ်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထား၍ စီစဉ် ဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းထားရှိသည်။ တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီးရမိမှု အခြေအနေမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ၉ လတာကာလအတွင်း အမှုတွဲ ၁၅၁၆ မှု၊ တန်ဖိုးငွေ ကျပ်သန်းပေါင်း ၆ဝ၆၇ ဖမ်းဆီးရမိခဲ့သည်။ တစ်လတွင် ပျမ်းမျှအမှုတွဲ ၁၆၈ မှု၊ တန်ဖိုးငွေ ကျပ်သန်းပေါင်း ၆၇၄ ကျော်ဖမ်းဆီးရမိခြင်းဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ (၁/၂ဝ၂၁)အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ကျင်းပရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာ စကားပြောကြားရာတွင် ''ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နိုင်ငံတော်ဘက်မှ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့သင့်သည်များကိုလည်း ဖြေလျှော့မှုများ ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှလည်း တရားဥပဒေ စိုးမိုးပြီး တရားမဝင် ကုန်သွယ်မှုများ၊ အခွန်တိမ်းရှောင်မှုများ လျော့နည်းသွားအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အခွန်ဘဏ္ဍာ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုနေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု စခန်းများမှ တရားမဝင် ကုန်သွယ်မှုများကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေး''တို့ကို ထည့်သွင်းမှာကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးနိုင်မှုကြောင့် ကောင်းမွန်သော ရလဒ်ကောင်းများရရှိနေသည်။

အကြမ်းဖက် အဖျက်သမားတို့၏ တရားမဝင်လက်နက်ခဲယမ်းများ တင်သွင်းခြင်းကိုလည်း တားဆီးသည့် လုပ်ဆောင်မှုမျိုးဖြစ်သောကြောင့် လုံခြုံရေးအတွက်လည်း အထောက်အကူပြုလျက်ရှိသည်။ တရားမဝင် ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံခြားငွေ ယိုစီးမှုများကို တားဆီးနိုင်ခဲ့သည်။ ထို့ပြင် တရားမဝင် သစ်ထုတ်လုပ်မှုများကို တားဆီးနိုင်မှုကြောင့် နိုင်ငံဘဏ္ဍာ ငွေလေလွင့်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည့်အပြင် သစ်တော ထိန်းသိမ်းရေးအတွက်လည်း  များစွာ အထောက်အကူပြုမည်ဖြစ်ပါသည်။ တရားမဝင် ကုန်သွယ်မှုများကို ထိထိရောက်ရောက် အရေးယူလျက်ရှိသကဲ့သို့  စုံစမ်းထောက်လှမ်း ရှာဖွေဖမ်းဆီးသည့် အဖွဲ့များကိုလည်း သတ်မှတ်ရာခိုင်နှုန်းဖြင့် ဆုကြေးချီးမြှင့်ရေး ဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိပစ္စည်းများအား ကြမ်းခင်းဈေး သတ်မှတ်ရာတွင် မြေပြင်၌ဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် အနီးစပ်ဆုံး ဖြစ်စေရေးနှင့် ပိုမိုမြန်ဆန်စေရေး ဆောင်ရွက်ပေးရန်၊ မြေပြင်တွင် တရားမဝင် ကုန်သွယ်မှု တားဆီးဖမ်းဆီးသည့် အဖွဲ့များအား ဖမ်းဆီးရမိ ဆုကြေးငွေများအား အမြန်ဆုံးခွဲဝေ ထုတ်ပေးရန် ညွှန်ကြားထားသည့်အတွက် လုပ်ငန်းများကိုအောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။ ကုန်သွယ်ရောင်းဝယ် ဖောက်ကားသူများ အနေဖြင့် မိမိတို့၏ ငွေကြေး၊ ကုန်ပစ္စည်းများ အလဟဿဆုံးရှုံးခြင်း မဖြစ်ရလေအောင် တရားဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ ကုန်သွယ်မှုပြုလုပ်ခြင်းတို့သည်သာ အကောင်းဆုံးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကုန်သည်များ အနေဖြင့် မိမိတို့တစ်ဦးတစ်ဖွဲ့၏ အတ္တစီးပွားထက် နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့် တရားမဝင် ကုန်သွယ်မှု ပပျောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။    ။