တစ်ခေတ်ဆန်းတော့မည့် အားကစားလောက

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်  စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ဇန်နဝါရီ ၂၉ ရက်က ကြည့်ရှုအားပေးပြီး အမှာစကားပြောကြားရာတွင် “အားကစားဆိုသည်မှာ  နိုင်ငံတော်၏ ဂုဏ်ကိုဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများ၏ စွမ်းဆောင်ရည်ရှိမှုကို နိုင်ငံ၏ ကိုယ်စားပြသခြင်းပင်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန် လိုသကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်ဓာတ်ကောင်းမွန်ရန်နှင့် မိမိတို့၏တစ်ဦးချင်း ဉာဏ်ရည်ကို အသုံးချ၍ယှဉ်ပြိုင်ဆောင်ရွက်ရန် လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မြန်မာ့အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်များတွင် အဆင့်မီဘောလုံး အားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက်ခြင်း၊ တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အားကစားပွဲများ ပြုလုပ်နိုင်ရန်အတွက် အားကစားကွင်းများ စနစ်တကျ တည်ဆောက်ခြင်းများကို အလေးထား လုပ်ဆောင်ပေးလျက် ရှိပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်သော အားကစားသမားများ၊ ကျောင်းအသီးသီးမှ ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာရန် လိုအပ်ချက်ကို ပံ့ပိုးပေးနေခြင်း ဖြစ်သည်။

အားကစားဆိုသည်မှာ နည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်နိုင်ရေးသည် အခြေခံဖြစ်သည်။ နည်းစနစ်ပိုင်းဆိုင်ရာ မှန်ကန်စွာဖြင့် လေ့ကျင့်နိုင်ရေးအတွက် နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြများနှင့် ကြံ့ခိုင်ရေး ဆိုင်ရာတွင်လည်း ကြံ့ခိုင်ရေးဆိုင်ရာ နည်းပြများမှာ အားကစားမြင့်မားရေးတွင် အဓိကကျလှသည်။ ဆရာကောင်းတပည့်ပန်းကောင်းပန်နိုင်သော အားကစားသမားကောင်းများ ပေါ်ထွန်းရေးမှာလည်း နိုင်ငံတော်အတွက် အဓိကကျလှပါသည်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတိုင်းသည် မိမိအားပေးအပ်ထားသော၊ ယုံကြည်စွာ အပ်နှံထားသောတာဝန်ကို မိမိကကျေပွန်စွာ ထမ်းဆောင်ပြီး  နိုင်ငံ့အတွက်ဆုံးရှုံးမှုမဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ငါ့နိုင်ငံတော်အတွက် ငါသည်အထူးချွန်ဆုံး၊ အပြောင်မြောက်ဆုံး ကြိုးစားယှဉ်ပြိုင်မည်ဟူသော  အားမာန်ကိုမွေးမြူထားကြရပေမည်။  ပြိုင်ပွဲတိုင်းမှာ နိုင်ရမည်ဟူသော စိတ်ဓာတ်ကို အားကစားသမားတိုင်းက ထားရှိမည်ဆိုလျှင် မြန်မာ့အားကစား အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနေမည် ဖြစ်ပါသည်။ အားကစားပြိုင်ပွဲဆိုသည်မှာ တပ်မတော်သားတို့ စစ်မြေပြင်တွင် ရန်သူနှင့် ယှဉ်ပြိုင်တိုက်ပွဲဝင်နေသည်နှင့် အသွင်တူလှသည်။ တပ်မတော်သားတိုင်းအတွက် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာစည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော အခြေခံအရည်အချင်း သတ်မှတ်ထား သကဲ့သို့ အားကစားသမားတိုင်းမှာလည်း ထိုအရည်အချင်းများ ရှိနေကြရမည်ဖြစ်သည်။ ပြိုင်ပွဲဆိုသည်မှာ မိမိတို့၏ တစ်ဦးချင်းဉာဏ်ရည်ကို အသုံးချ၍ ဇွဲလုံ့လဝီရိယနှင့် ပြိုင်ဘက် ကစားသမား၏ အားနည်းချက်ကို မိမိ၏အားသာချက်နှင့် အနိုင်ရအောင်ဉာဏ်ကိုသုံး၍ ကြိုးစားယှဉ်ပြိုင် ကစားရခြင်း ဖြစ်သည်။

နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိတို့နိုင်ငံကို ကိုယ်စားပြု၍ အားကစားနည်းမျိုးစုံတွင် ပြိုင်ပွဲဝင်သူတိုင်း ပထမဆုရရှိသည့် မြင်ကွင်းကို မြင်တွေ့လိုကြသည်။ အားပါးတရအော်ဟစ်ခုန်ပေါက် အားပေးလျက်ရှိကြသည်။ အောင်မြင်မှု သတင်းကောင်းများကို မျှော်လင့်နေကြသည်။ ပထမဆုရရှိပြီး မိမိတို့၏ နိုင်ငံတော်အလံကို မိမိတို့နိုင်ငံတော် သီချင်းဖြင့် အားလုံးက အလေးပြုနေသော မြင်ကွင်းသည် ပြည်သူတစ်ရပ်လုံး မြင်တွေ့လိုသော မြင်ကွင်း ဖြစ်သည်။  မိမိတို့ကို ဂုဏ်ပြုခံရသည့်၊ အသိအမှတ်ပြု ခံရသည့် ချီးမြှင့်ခံရခြင်းမျိုး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခြင်း ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲက အားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ ပြင်ဆင်ချိန်နှင့် ယှဉ်ပြိုင်ချိန်များတွင်လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် သရုပ်ပြသမှုများတွင် ကြိုးစားအားထုတ်မှုများကို တွေ့မြင်ရကြောင်း၊ အဆိုပါ ကြိုးစားအားထုတ် မှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်၍ တိုးတက်မှုများ ရရှိအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့် ကျန်းမာရေးမှအစ အစစအရာရာ ဂရုပြုကြရန် လိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ကူးစက်မှုများ မရှိအောင် ဂရုတစိုက်ဖြင့်နေထိုင်၊ လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ထို့ပြင် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းကိုလည်း အသိပေးပြောကြားခဲ့ရာ တစ်ခေတ်ဆန်းတော့မည့် အားကစားလောကအဖြစ် ပြည်သူများမြင်တွေ့ရတော့မည် ဖြစ်ပါကြောင်း။  ။