တို့အနာဂတ်ကောင်းမွန်ဖို့ မွေးမြူထုတ်လုပ်ကြပါစို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၂၈ ရက်နေ့က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မိမိအနေဖြင့် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး သာယာဝပြောသည့်နိုင်ငံဖြစ်ပေါ်စေရန်၊  နိုင်ငံတွင် စားရေရိက္ခာပေါများပြီး နိုင်ငံသူနိုင်ငံသားများအားလုံး ၀၀လင်လင်ဖြင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်သည့် နိုင်ငံဖြစ်စေရန်ဆိုသည့် မူဝါဒများပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပေရာ ထိုစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီနည်းစနစ်များ အသုံးပြု၍  တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ သမားရိုးကျ စိုက်မွေးစနစ်မှ ခေတ်မီစိုက်မွေးစနစ်သို့ကူးပြောင်းနိုင်ရန် လိုအပ်သည့် ထောက်ပံ့မှုများကို နိုင်ငံတော်အနေဖြင့် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိသော   ကုန်ပစ္စည်းများကို ပြည်ပသို့ အဆင့်အတန်းမြင့်မားစွာ တင်ပို့နိုင်လျှင် နိုင်ငံတော်အတွက် ဝင်ငွေတိုးပွားမည် ဖြစ်သလို လုပ်ကိုင်ဆောင်ရွက်သူများ၏ လူနေမှုအဆင့်မြင့်မားလာမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ရန်အတွက်  သဘာဝသယံ ဇာတများရှိထားပြီးဖြစ်၍ တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက် လိုစိတ်နှင့် အမှန်တကယ် လုပ်ကိုင်ကြရန်သာ လိုအပ်ပေသည်။

ထိုသို့လုပ်ကိုင်ရာတွင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံမလွဲမသွေ ဖြစ်လာပေမည်။

မြန်မာနိုင်ငံတွင် အဓိက စားသုံးနေသည်မှာ ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့်ငါးတို့ဖြစ်သည်။ ငါးတစ်မျိုးသာလျှင် ရေတွင်မွေးမြူရသည် ဖြစ်၍လူတိုင်း မမွေးမြူနိုင်သော်လည်း ကြက်၊ ဝက်၊ ဆိတ်နှင့်နွားတို့မှာ ကျေးလက်ဒေသရှိ အိမ်တိုင်းလိုလိုတွင် မွေးမြူထားသော အရာများဖြစ်သည်။ များများမွေးမြူ ထုတ်လုပ်နိုင်လေ များများရောင်းအား ကောင်းလေဖြစ်ရာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့်မလေးရှားနိုင်ငံတို့မှာ မြန်မာနိုင်ငံမှ မွေးမြူရေးထုတ်ကုန်များ တင်သွင်းနေရသောနိုင်ငံများ ဖြစ်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်ကုန်သွယ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်များကို တိုးချဲ့ ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။ တောင်သူများ အကျိုးစီးပွား ဖွံ့ဖြိုးအောင်မြင်စေရေးအတွက် ကျွဲ၊ နွားများပြည်ပသို့ တရားဝင်တင်ပို့ရောင်းချခွင့်များကိုလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှစပြီး ခွင့်ပြုပေးထားသည်။

ထို့ကြောင့်မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တရားဝင်အများဆုံး တင်ပို့နိုင်ခဲ့ပြီဖြစ်သည်။ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းမှ ရောင်းချခြင်းသည် ဘေးကင်းလုံခြုံ စိတ်ချရပြီး နိုင်ငံအတွက်၊ ကာယကံရှင်အတွက် အကျိုးရှိသောလုပ်ဆောင်မှုဖြစ်သည်။  တရားဝင်တင်ပို့နိုင်ရန်အတွက်  မိမိတို့မွေးမြူသည့် တိရစ္ဆာန်များကိုလည်း စနစ်တကျ မွေးမြူကြရမည် ဖြစ်သည်။ စနစ်ကျနပြီး ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နိုင်လေလေ ထိရောက်ပြီး အကျိုးရှိလေလေ ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည်ဖြင့် နည်းလမ်းလေးသွယ်ရှိရာ အသားတိုးနွားမွေးမြူရေး လုပ်ငန်းရှင်တစ်ဦး၏   နွားမျိုးစိတ်အသစ်ရရှိအောင် စွမ်းဆောင်မှု နည်းလမ်းမှာ ဗဟုသုတဖြစ်ဖွယ် တွေ့ရှိ ရသည်။ ဤမျိုးစိတ်ကို အခြားသော တောင်သူဦးကြီး များလည်း လိုက်ပါလုပ်ဆောင်နိုင်မည် ဆိုပါက နွားမွေးမြူရေးတွင် အသားနှစ်ဆတိုးခြင်း၊ အသားဈေး နှစ်ဆရရှိခြင်း၊ မွေးမြူသည့် ကာလတိုတောင်း ခြင်းစသည့် ကောင်းကျိုးများ ရရှိစေမည်။ တိရစ္ဆာန်များမွေးမြူရန်အတွက် လုံလောက်ပြီး ပတ်ဝန်းကျင်ကောင်းမွန်သည့် မြေများရှိရမည်။ တိရစ္ဆာန်များကို ရေကောင်းရေသန့်တိုက်ကျွေးနိုင်ရမည်။ တိရစ္ဆာန်အစာအတွက် စိုက်ပျိုးရိတ်သိမ်း ကျွေးမွေးသည့် နည်းစနစ်ကို အကောင်အထည်ဖော်ရမည်။ မျိုးကောင်းမျိုးသန့်များကို သုတေသနပြု မွေးမြူကြရမည် ဖြစ်သည်။ သို့မှသာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။ စိန်ရတုပြည်ထောင်စုနေ့အကြို မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲအတွက်ဆောင်ပုဒ်မှာ တို့အနာဂတ် ကောင်းမွန်ဖို့ မွေးမြူထုတ်လုပ်ကြပါစို့ ဖြစ်သည့်အတိုင်း အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသည့်အသား၊ နို့၊ ဥတို့ကိုမွေးမြူထုတ်လုပ်ခြင်း၊ ပြည်တွင်းတွင်လည်း အာဟာရပြည့်ဝစွာ စားသုံးနိုင်ခြင်း၊ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ခြင်းဖြင့် မြန်မာပြည်သူပြည်သားများ၏ အနာဂတ်ဘ၀ သာယာဝပြော လာနိုင်မည်ဖြစ်ပါသည်။ ယခုပြပွဲမှာ တောင်သူများ၏ လူမှုဘဝ အဆင့်အတန်း တိုးတက်ရန်နှင့် ပြည်ပပို့ကုန်ဝင်ငွေတိုးမြှင့် ရရှိရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ရာ  ဆောင်ပုဒ်နှင့်အညီ လိုက်ပါလုပ်ဆောင်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။