ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကိုကြိုဆို

ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇန်နဝါရီ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗီဒီယိုမက်ဆေ့ပေးပို့၍ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် “ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးအရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး မိမိတို့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ လက်ရှိဆိုက်ဘာလုံခြုံရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ပိုမိုအားကောင်း လာစေဖို့အတွက် တိုးမြှင့်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများကြောင့် တိုးတက်ဖြစ်ပေါ်မှုများ ရရှိထားပြီး ဖြစ်တဲ့အတွက် ဝန်ကြီးများနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား ချီးကျူးဂုဏ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် နည်းပညာများအံ့မခန်းတိုးတက်လာခြင်းမှာ လူသားတို့အတွက် ဝမ်းသာဖွယ် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေသော သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်ရာတွင် လူကိုယ်တိုင်သွားရန်မလိုဘဲ ကိစ္စအ၀၀ကို ဆောင်ရွက်လာနိုင်သည်။ လူသားတို့၏ လူမှုရေး၊ စီးပွားရေးအတွက် မြန်နှုန်းမြင့် အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာရပ်မှာ ပိုမိုအရေးပါလာသည်။

ကမ္ဘာနှင့်အဝှမ်းပေါ်ပေါက်လာသော ကိုဗစ်-၁၉ ရောဂါကြောင့် အစည်းအဝေးများကို Virtual format နှင့် ပြုလုပ်လာနိုင်ကြသည်။

မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းသို့ ၁၉၉၇ ခုနှစ်မှာစတင်ဝင်ရောက်ခဲ့တဲ့အချိန်ကစပြီး အာဆီယံ၏ အခြေခံမူများကို လေးစားလိုက်နာကာ အာဆီယံစီးပွားရေး ကောင်စီ၏ ကြံ့ခိုင်မှုရှိ၍  အားလုံးပါဝင်နိုင်သော ပြည်သူကိုဗဟိုပြုသော အာဆီယံဖြစ်စေရေး ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ အာဆီယံအနေဖြင့် ၂၀၀၁ ခုနှစ်မှစတင်၍ ဝန်ကြီးများ အဆင့်အစည်းအဝေးများအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး အမည်ဖြင့်(၁၉) ကြိမ်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်မှစ၍ အဆိုပါအစည်းအဝေးအား အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအဖြစ် အမည်ပြောင်းလဲ ကျင်းပသည်။ မြန်မာနိုင်ငံက၂၀၁၁ ခုနှစ်က အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအစည်းအဝေးမှာ ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အစည်းအဝေး ဖြစ်သည်။

ယခုနှစ်အစည်းအဝေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း ကိုဗစ်-၁၉ အလွန်  အာဆီယံဒေသစီးပွားရေးပြန်လည် ကောင်းမွန်လာစေမည့် တွန်းအားကို အစည်းအဝေးခေါင်းစဉ်အဖြစ် ရွေးချယ်ခဲ့သည်။

အာဆီယံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး အာဆီယံဒစ်ဂျစ်တယ် ဆိုင်ရာ ဝန်ကြီးများအနေဖြင့် ၂၀၂၁ ခုနှစ်မှစပြီး အာဆီယံဒစ်ဂျစ်တယ် မဟာစီမံကိန်း ၂၀၂၅ (ASEAN Digital Masterplan 2025- ADM 2025)ကို အတည်ပြု လက်ခံကျင့်သုံးနေပြီဖြစ်သည်။ ADM 2025မှာ လာမည့်ငါးနှစ်အတွင်း အာဆီယံဒစ်ဂျစ်တယ်နှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်  လမ်းညွှန်ချက်များ ပေးနိုင်မှာဖြစ်ပြီး အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများအနေဖြင့် ဒေသတွင်းဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုကို ဦးဆောင်နိုင်မည် ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်သော်လည်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းကြောင့် ထိခိုက်မှုများနှင့် အနှောင့်အယှက်များကိုလည်း ထည့်သွင်းစဉ်းစား ရပေမည်။

အဆိုပါ ကြီးမားစွာ ပြောင်းလဲမှုကြောင့်  ဖြစ်ပေါ်လာနိုင်သော ထိခိုက်မှုများမှ ကာကွယ်နိုင်ရန်  လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။ သတင်းအတု၊ သတင်းအမှားများ၊ ကောလာဟလများ လွှင့်တင်ခြင်း၊ အမုန်းစကားများဖန်တီးခြင်း၊ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော် ဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုင်းစိုင်းခြင်း စသော အင်တာနက်အလွဲသုံးမှု များဟာလည်း ကမ္ဘာတစ်ဝန်း လက်တွေ့ကြုံတွေ့နေရသော ပြဿနာများဖြစ်သည်။ ဤအဖျက်လုပ်ရပ်များ လုံးဝကင်းရှင်းအောင်လည်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ထိုသို့ကျယ်ပြန့်သော ပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးသဘောတူညီမှုဖြင့်  Framework တစ်ခုရေးဆွဲကြရမည် ဖြစ်သည်။ ယမန်နှစ်ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ လေ့လာတွေ့ရှိမှု တစ်ခုအရ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု အားကောင်းသော အဖွဲ့အစည်းများမှာ ကပ်ရောဂါကာလအတွင်း လူမှုစီးပွား ထိခိုက်မှုများကို ပိုမိုခံနိုင်ရည်ရှိကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါမှာ ကမ္ဘာတစ်ဝန်းကြီးမားသော လူမှုစီးပွားဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ပြီး ကပ်ရောဂါ ကာလအတွင်း ချမှတ်ထားသော တားမြစ်ကန့်သတ်ချက်များကြောင့် စီးပွားရေး လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်သို့ ပြောင်းလဲရန် တွန်းအား ဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း  Digital  Economy မှာ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်ရာ အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ပိုမိုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။  ။