နိုင်ငံ့အတွက်မြန်မာ့အသံနှင့် ရုပ်မြင်သံကြား

နိုင်ငံ့အတွက်မြန်မာ့အသံနှင့် ရုပ်မြင်သံကြား

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  ၅ ရက်)

ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်ဖြစ်သလို နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းသည့်နိုင်ငံ၊ သာယာဝပြောသည့် နိုင်ငံဖြစ်ရန် စွမ်းဆောင်လျက်ရှိသည်။  နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေမည့် ကဏ္ဍအားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။

လက်ရှိအခြေအနေတွင် ပြည်ပပယောဂ အနှောင့်အယှက်များ ကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်များကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သကဲ့သို့ ဆူပူအုံကြွမှုများဖြင့် တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက အမှန်ကို အမှန်အတိုင်း၊အရှိကိုအရှိအတိုင်း နားလည် သဘောပေါက်ကြရန်နှင့်  ဝိုင်းဝန်းဆန့်ကျင် ဟန့်တားပေးကြ ရမည်ဖြစ်ပါသည်။ သို့မှသာ တည်ငြိမ်အေးချမ်းမှုရှိ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များ ရရှိစေရန်နှင့် လူငယ်လူရွယ်များ အားလုံး ပညာရေးလမ်းကြောင်းပေါ်တွင်ကောင်းမွန်စွာ ရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ် လူငယ်များဖြစ်အောင်ပံ့ပိုးပေးမှု၊ စေ့ဆော်တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှုတို့ဖြင့်လုပ်ဆောင်ပေးကြရမည် ဖြစ်ပါသည်။ ထို့ပြင် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် ထုတ်လွှင့်မှုများကို ဝိုင်းဝန်းဆန့်ကျင် တားမြစ်ပေးကြရမည်ဖြစ်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူလူထုထံ ရောက်အောင် ထုတ်လွှင့်ဖော်ပြပေးနိုင်ရန် လိုအပ်လျက်ရှိပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍတွင် အဓိကဒေါက်တိုင်ကြီး တစ်ခုဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့်အသိအမြင်၊ အတွေးအခေါ် ရရှိစေရန် ပြုစုပျိုးထောင်ပေးနိုင်ရေး အတွက် ပဓာနကျသည့် မီဒီယာကြီးလည်းဖြစ်သည်။ ထို့ပြင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ အကြား ခိုင်မာသည့် ပေါင်းကူးတံတား အဖြစ် တတ်စွမ်းသမျှကြိုးပမ်း ဆောင်ရွက်နေသော မီဒီယာလည်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီတာဝန် ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားစိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားစဉ် ''ယနေ့စတင် ဖွင့်လှစ်လိုက်မည့် MRTV News  Channel သည် တချို့ကျင့်ဝတ် ဖောက်ဖျက်ပြီး နိုင်ငံကို အန္တရာယ်ရှိစေမယ့် သတင်းအတု၊ အယောင်၊ သတင်းမှားများ၊ ကောလာဟလများ နှင့် တိုင်းပြည်တွင် မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် လုပ်ကြံဖန်တီးလာမှုများ အပေါ်သတင်းမှန်များ လျင်မြန်စွာ ထုတ်ပြန်ခြင်းဖြင့် ပြည်သူများသတင်းမှန် သိရှိပိုင်ခွင့်အပေါ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ MRTV News Channelသည် နိုင်ငံတကာသတင်းများကို လျင်မြန်စွာ ဘာသာပြန်ဆို တင်ဆက်ပေးခြင်းဖြင့် ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက်နေသည့်၊ သိသင့်သိထိုက်သည့် သတင်းများကို ပြည်သူများ လျင်မြန်စွာ သိရှိခွင့်ရရှိပြီး ဗဟုသုတများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း'' ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  နိုင်ငံတော်အစိုးရ တာဝန်အရပ်ရပ်ကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်ကို ချမှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်ဖြစ်ထွန်းစေဖို့နှင့်  ရည်မှန်းချက် တာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေး လုပ်ငန်းစဉ်(၂)ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်သွားရေးတို့ကို ဦးစားပေး လုပ်ဆောင်လျက် ရှိပါသည်။ ထိုလုပ်ဆောင်ချက်များကို အများပြည်သူနှင့် ကမ္ဘာတစ်ဝန်းက သိရှိစေရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဆောင်ရွက်ချက်များ ပိုမိုအောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။