ဖေဖော်ဝါရီလအတွင်းသို့ ချင်းနင်းဝင်ရောက်လာသည်နှင့် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော အကြောင်းအရာ

အချက်အလက်သိမှတ်စရာများကိုရေးသားကြ၊ ဟောပြောကြနှင့် အသိဉာဏ်ဗဟုသုတ တိုးပွားစေလျက်ရှိသည်။ ယခုနှစ်ပြည်ထောင်စုနေ့မှာ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ ဖြစ်သည့်အတွက် အခါတိုင်း နှစ်များထက် ပိုမိုကြီးကျယ်ခမ်းနားစွာ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုနေ့၏ အနှစ်သာရကို ပြောရလျှင် ပိုမိုခိုင်မာစည်းလုံးကျစ်လျစ်သော ပြည်ထောင်စုကြီး  ဆက်လက် တည်တံ့ခိုင်မြဲရေးဖြစ်သည်။ စည်းလုံးညီညွတ်မှုရှိနေသမျှ ဘယ်အရာကမျှ ဝင်ရောက် ဖျက်ဆီးခြင်းငှာ စွမ်းနိုင်မည်မဟုတ်ပေ။

ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံသားအပေါင်းတို့ စည်းလုံး ညီညွတ်သောအားဖြင့် မိမိတို့နိုင်ငံကို ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။ ဘေးပြောတာကိုမယုံနဲ့ သွေးပြောတာကိုယုံဟူသော ဆိုစကားသည် အကြောင်းမဲ့ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါ။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များ၊ ကိုလိုနီခေတ်တွင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များနှင့် ယနေ့အချိန်အခါတွင် ဖြစ်ပျက်နေသော ပြည်ပစွက်ဖက်မှုများက ဘေးပြောတာကိုမယုံကြည်ဘဲ သွေးပြောတာကို ယုံကြည်ရန် ညွှန်းဆိုခြင်းအကြောင်းရင်းမှန် ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း  မင်းတုန်းမင်းကြီးအုပ်စိုးစဉ်   အိမ်ရှေ့မင်းသားညီတော်ကနောင် မင်းသား လုပ်ကြံ ခံလိုက်ရသည်။ လုပ်ကြံသူများမှာ မြင်ကွန်းမင်းသားနှင့် မြင်းခုံတိုင်မင်းသားတို့ ဖြစ်သည်။

သူတို့ကို သွေးထိုးမြှောက်ပင့်ပေးသူမှာ အင်္ဂလိပ်နယ်ချဲ့တို့ဖြစ်သည်။ ကနောင်မင်းသားသည် ခေတ်မီလက်နက်နှင့် နည်းပညာများ ပိုင်ဆိုင်နေပြီး  မျိုးချစ်စိတ်ဓာတ်ပြင်းထန်သူဖြစ်သည်။ အင်္ဂလိပ်တို့အတွက် အဓိက ရန်သူနံပါတ်တစ်ဖြစ်လာခဲ့သည်။ ကနောင်မင်းသားကျဆုံးခြင်းသည် မြန်မာတို့ အတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်သော်လည်း အင်္ဂလိပ်တို့အတွက်အောင်ပွဲ ဖြစ်ခဲ့သည်။

မြင်ကွန်းညီနောင်တို့က အင်္ဂလိပ်တို့ရှိရာအောက်မြန်မာနိုင်ငံကိုထွက်ပြေးသွားခဲ့ကြသည်။ အင်္ဂလိပ်တို့က ပြည့်ပြည့်၀၀ကူညီမည်ဟု ထင်ထားခဲ့သော်လည်း လက်တွေ့တွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်သော အဖြစ်နှင့် မြင်ကွန်းညီနောင်တို့ ကြုံတွေ့ကြရသည်။ ဒဂုန်ခင်ခင်လေး၏ ရတနာပုံ၏ နိဒါန်းနှင့်နိဂုံးတွင် မင်းပရိယာယ်မတင့်တယ်၊ နားမလည်ခဲ့ရသူမြင်ကွန်း၊ မြင်းခုံတိုင်မင်းသားညီနောင်မှာ ပုန်ကန်မှုကြီးသာအဖတ် တင်ရှာသည်။ ရန်ကုန်ရောက်လာပေမင့် အင်္ဂလိပ်အားကိုးနှင့်ရှေ့တိုး၍မရတော့ပြီ။ နယ်ချဲ့တို့မျက်စိစပါး မွေးစူးခဲ့ရသူ အိမ်ရှေ့စံကနောင်မင်းမှာ တူတော်၊ သမက်တော်မြင်ကွန်းမင်းသားလက်ချက်နှင့်အသက် ပျောက်ခဲ့ရပြီဖြစ်ရာ နယ်ချဲ့ရန်သူ၏ အောင်မြင်မှုအတွက် မြင်ကွန်းမင်းသားက ယောက္ခမကိုသတ်ပေးရရာ ရောက်ရရှာသည်။ မြင်ကွန်းမင်းသားမှာ ယခုကဲ့သို့နယ်ချဲ့တို့၏ အားပေးအားမြှောက်မှုတို့က ထင်သလောက် မရလေသောအခါ မခံချိမခံသာ ဖြစ်ရသောစိတ်ကို အတော်ကျိတ်၍ဖြေနေရရှာသည် ဟူ၍ရေသားထားသည်။

ကိုလိုနီခေတ်နိဂုံးချုပ်ချိန် မြန်မာနိုင်ငံအား လွတ်လပ်ရေးမဖြစ်မနေပေးရတော့မည့်အခြေအနေတွင်ပင် မြန်မာတိုင်းရင်းသား အချင်းချင်းကို သွေးခွဲလျက်ရှိသေးသည်။ နယ်မြေပိုင်းခြား၍ လွတ်လပ်ရေးပေးရန် ကြံစည်သေးသည်။ တိုင်းရင်းသား အချင်းချင်းစည်းလုံး ညီညွတ်မှုကြောင့်သာ  မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အတူတကွလက်တွဲ၍ လွတ်လပ်ရေး ရယူရန် ပင်လုံမြို့တွင်သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ပင်လုံစာချုပ်ချုပ်သောနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တိုင်ဖြစ်သည်။ လွတ်လပ်ရေးရရှိရန်လက်တစ်ကမ်းအလိုတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်ကို အဖြေရှာကြည့်လိုက်လျှင် အင်္ဂလိပ်တို့၏ ကူညီအားပေး မှုကြောင့်သာ ဖြစ်သည်။  လုပ်ကြံခဲ့သူဂဠုန်ဦးစော၏ နောက်ဆုံးခံစားချက်သည်လည်း မြင်ကွန်းမင်းသားနှင့် မခြားရှိနေမည်မှာ အမှန်ပင်ဖြစ်လိမ့်မည်။ မြင်ကွန်းနှင့် ဂဠုန်ဦးစောတို့ ထီးနန်းနှင့် အာဏာရရေးအတွက် ကူညီခြင်း မဟုတ်ဘဲ မြန်မာတို့အတွက် အစွမ်းထက်သော ခေါင်းဆောင်ကွယ် ပျောက်ရေးသာ ဖြစ်သည်။

လွတ်လပ်ရေး စတင်ရရှိချိန်မှ ယနေ့တိုင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်လေ့လာလျှင်လည်း ထိုနည်းလမ်းဟောင်းကို ကျင့်သုံးနေကြောင်း မြင်တွေ့နိုင်သည်။ မြန်မာတို့ အင်အားလျော့နည်း မညီမညွတ် ဖြစ်နေစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များ ပေါ်ပေါက်စေရန် မီးမွှေးပေးခဲ့သည်။ ထိုမီးအရှိန်က ယနေ့တိုင်တောက်လောင်နေဆဲဖြစ်သည်။ ထိုလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရန်မှာ ဘေးပြောတာကိုမယုံဘဲ သွေးပြောတာကို ယုံကြည်မှသာ အောင်မြင်ပြီးမြောက်ပေလိမ့်မည်။ ဆိုလိုသည်မှာ ဘေးပယောဂဖြစ်သော ပြည်ပစွက်ဖက်မှု ကင်းရှင်းစွာဖြင့် မြန်မာတိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ယုံယုံကြည်ကြည် ညှိနှိုင်းဆွေးနွေးကြမည်ဆိုလျှင် ငြိမ်းချမ်းရေးရမည်မှာ ရာခိုင်နှုန်းပြည့် သေချာပါသည်။

ရင်းနှီးချစ်ကြည်တွဲလက်ညီ၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ဆိုသည့်အတိုင်း မိမိတို့ညီ အစ်ကိုတိုင်းရင်းသား အချင်းချင်း (ပြည်ပစွက်ဖက်မှုမပါ) စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန် ထက်မြက်စွာဖြင့် ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် အဖြေရှာကြမည်ဆိုပါလျှင် အဖြေမှန်ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။