ကျစ်လျစ်ခိုင်မာ စုစည်းညီညွတ်သော အင်အား

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ဖွင့်လှစ်ခြင်း၊ မွေးမြူရေး တိရစ္ဆာန်ပြပွဲ ပြိုင်ပွဲကျင်းပခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ ကျောင်းများတွင် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပခြင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ်ဖွင့်လှစ်ခြင်း၊ လမ်း၊ တံတားများဖွင့်လှစ်ခြင်း၊ လျှပ်စစ်မီးဖြန့်ဖြူးမှု အခမ်းအနားများ ကျင်းပခြင်း၊  ခရီးသွားလုပ်ငန်းဆိုင်ရာများ ဖွင့်လှစ်ခြင်း၊  ယာဉ်လိုင်းအသစ်များ ဖွင့်လှစ်ခြင်း စသည်ဖြင့် စိန်ရတုပြည်ထောင်စုနေ့ကို  ဂုဏ်ပြုကြိုဆိုလျက် ရှိကြသည်။

ထို့ပြင် မြန်မာတို့၏ ရိုးရာအနုပညာနှင့် နိုင်ငံတော် အကျိုးပြု သီချင်းများ သီဆိုယှဉ်ပြိုင်ပွဲဖြစ်သည့် ပြည်ထောင်စုနေ့ဂုဏ်ပြု တူယှဉ်နွှဲပျော် ဂီတပွဲတော်မှာလည်း လွန်စွာစိတ်ဝင်စားဖွယ်ကောင်းလှသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ကိုယ်စားပြု ယှဉ်ပြိုင်လျက်ရှိကြရာ ဖေဖော်ဝါရီ ၆ ရက်နေ့ည ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀ ဦးအနက် ငါးဦးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်ကျင်းပမည့် ဗိုလ်လုပွဲသို့ တက်ရောက်သွားကြပြီ ဖြစ်သည်။ ထို့အတူ စာပေပညာရှင်များကလည်း ဆောင်းပါး၊ ကဗျာများဖြင့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလျက် ရှိကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်များ၊ ပြည်သူများက စိန်ရတုပြည်ထောင်စုနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြကြောင်း ပေါ်လွင်ထင်ရှားလှသည်။

ညီညွတ်ခြင်းသည် အင်အား၊ တိုင်းရင်းသားများ လက်တွဲထား၊ ပြည်ထောင်စု၏ ပြည့်ခွန်အားဆိုသည့် ဆောင်ပုဒ်နှင့်အညီ ညီညီညွတ်ညွတ် ရှိနေခြင်းသည် နိုင်ငံတော်ခွန်အားများဖြစ်ပါသည်။ စည်းလုံး ညီညွတ်သော ခွန်အားဖြင့် နိုင်ငံတော်ပိုမိုသာယာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်နေသမျှ ကာလပတ်လုံး နိုင်ငံတော်သည် အဓွန့်ရှည်တည်တံ့နေမည်သာ ဖြစ်သည်။ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ပဲ ဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းအသီးအပွင့်တွေနဲ့ ပြည့်စုံဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ် ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားထားပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ၇၅ နှစ်ခန့်ရှိပြီး ဖြစ်သော်လည်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခိုင်မာမှုနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက်မရှိဘဲ ခွန်အားများ၊ စွမ်းအားများ ဆုံးရှုံးလျက်ရှိပါသည်။ ထိုခွန်အား၊ စွမ်းအားများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားပြည့် အသုံးပြုနိုင်ရန်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ဆက်လက်စီမံဆောင်ရွက်လျက် ရှိသည်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သာမက NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိပါသည်။ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ဖိတ်ကြားခြင်းဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြေညာချက်အမှတ် ၁/၂၀၂၂ ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ အဆိုပါ ကြေညာချက်တွင်  ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကြိုတင်ကန့်သတ်ချက် မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း ကိုလည်း အလေးထား ဖော်ပြထားပါသည်။

ဆိုလိုသည်မှာ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးရန် အခွင့်အလမ်းကို ဖော်ပြထားခြင်း ဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် တစ်ဦးနှင့်တစ်ဦးသဘောထားချင်း မတိုက်ဆိုင်ကာ အထင်အမြင် လွဲမှားနေပါက ညီရင်းအစ်ကိုစိတ်ထားဖြင့်ဆွေးနွေးအဖြေရှာလျှင် အထင်အမြင်လွဲ မှားနေမှုများ ပျောက်သွားမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်ခွင့်သည် ကောင်းမွန်သောရလဒ်ကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများလည်း ပိုမိုထွန်းကားလာမည် ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းပေလိမ့်မည်။ အနှစ်ချုပ်ဆိုရသော် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သည် ထူးခြားသောနေ့ ဖြစ်သည်နှင့်အညီ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအင်အားဖြင့် နိုင်ငံတော်ကြီး ထာဝရ တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။    ။