ပေါင်းစုစွမ်းအား ပြည်တစ်လွှား အစဉ်ရှေးရှုပြည်ထောင်စု

မြန်မာနိုင်ငံသည် နှစ်ပေါင်းရှည်ကြာစွာ တည်ရှိနေသောနိုင်ငံ ဖြစ်သည်။ နိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသား အပေါင်းတို့သည်လည်း ဤမြေဤရေတွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသူများ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ တည်ရှိမှု နှစ်ပေါင်းရှည် ကြာလာသည်နှင့်အမျှ မိသားစုဆွေမျိုးမွေးဖွားမှု များပြားလာသကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုများသည်လည်း ပွားများလာခဲ့သည်။ မြန်မာ့မြေပေါ်တွင် လူသားတို့ တည်ရှိမှုကို လွန်ခဲ့သောနှစ်ပေါင်း သန်း ၄၀ ကတည်းကစတင်ခဲ့ကြောင်း ကမ္ဘာ့ပညာရှင်တို့ စစ်ဆေးအတည်ပြုထားပြီး ဖြစ်သည်။ ထို့ကြောင့်လူသားအစ မြန်မာကဟူ၍ပင် မှတ်တမ်းပြုထားကြသည်။

မြတ်စွာဘုရားရှင်က ဤကမ္ဘာလောက၌ လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမတော်စပ်ဖူးသူ မရှိဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့သည် ဆွေရင်းမျိုးခြာများသာ ဖြစ်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ အမျိုးအနွယ်တို့၏ အမည်များ မည်သို့ပင်ကွဲပြား ကြစေကာမူ တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြသူများ ဖြစ်ကြသည့်အတွက် နိုင်ငံ့အရေးနှင့် ပတ်သက်လာလျှင် အားလုံးသည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် ညီညီညာညာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သမိုင်းကြောင်းများ များစွာရှိသည်။

ကံမကောင်းအကြောင်း မလှသဖြင့် နိုင်ငံတော်သည် သူ့ကျွန်အဖြစ် ရောက်သောအခါ၌ တိုင်းရင်းသား အားလုံးက ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်သာ ဖြစ်သည်။ ကိုလိုနီလက်အောက်ခံအဖြစ် ပင်ပန်းဆင်းရဲ ညှိုးနွမ်းစွာ နေထိုင်ရစဉ်အတွင်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် အနေနီးသော်လည်း အလှမ်းဝေးခဲ့ကြရသည်။

ဆွေမျိုးတို့သည် ဘေးပယောဂကြောင့် တစ်စိမ်းသွင်သွင်အဖြစ်မျိုး ကြုံခဲ့ရသည်။ သို့သော် အရေးကြီးလျှင် သွေးနီးသည့်ပမာ လွတ်လပ်ရေးရတော့မည် ဆိုသောအခါ အတူတကွပူးပေါင်း လွတ်လပ်ရေး ရယူကြရန် စိတ်တူကိုယ်တူရှိခဲ့ကြသည်။

ဤသည်ကို အတည်ဖြစ်ကြစေရန် မြန်မာကိုယ်စားလှယ် ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်တို့ စာချုပ်ချုပ်ဆိုကြသည်။ နှစ်ဖက်သဘော တူညီချက်ကို ခိုင်မာအောင် စာဖြင့် ရေးသားအသိအမှတ်ပြု ခဲ့ကြသည်။ ထိုနေ့မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် လက်မှတ်ရေးထိုးကြခြင်း ဖြစ်၍ ပင်လုံစာချုပ်အဖြစ် မှတ်တမ်း တင်ခဲ့ကြသည်။

ထိုနေ့ကိုနောင်တွင် ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ခဲ့ကြသည်။ ပင်လုံစာချုပ်မှ ဖြစ်ပေါ်လာခဲ့သော ပြည်ထောင်စုနေ့သည် ၂၀၂၂ ခုနှစ်တွင် (၇၅)နှစ် စိန်ရတုသို့ ရောက်ရှိလာပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသောနေ့များ ရှိရာတွင် ပြည်ထောင်စုနေ့သည်လည်း ပါဝင်သည်။

ထိုပင်လုံစာချုပ်ကိုအခြေခံ၍ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေး ရရှိခဲ့သည်မှာလည်း နှစ်ပေါင်း ၇၅ နှစ်သို့ရောက်ရှိတော့မည် ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများမှာ တိုးတက်မှုနှေးကွေးသည်ဟုပင် ဆိုရပေမည်။ အဓိက အကြောင်းရင်းကို မှန်မှန် ကန်ကန်လေ့လာကြည့်လိုက်သောအခါ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက် လာသော တရားမဝင်လက်နက်ကိုင် ဆောင်ထားသောအဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတော်ကို တာဝန်ယူခဲ့ကြရသော အစိုးရတိုင်းသည် ထိုလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် ငြိမ်းချမ်းရေးကို ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှာ ရာခိုင်နှုန်းပြည့် အောင်မြင်သော အခြေအနေသို့ မရောက်သေးသော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ပါဝင်လက်မှတ် ရေးထိုးထားနိုင်ခြင်းမှာ ငြိမ်းချမ်းရေး အလင်းရောင်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများသည် တစ်ဦးနှင့်တစ်ဦးချစ်ကြည်လျက် ရှိကြသော်လည်း  ပြည်ပက သွေးထိုးလှုံ့ဆော် နှောင့်ယှက်မှုများ ရှိနေခြင်းကြောင့် သံသယစိတ်များ ပေါ်လာကာ ငြိမ်းချမ်း ရေးလမ်းကြောင်းမှာ ချောမွေ့မှုလိုအပ်နေခြင်း ဖြစ်သည်။ သံသယဆိုသည်မှာ ယုံမှားခြင်း၊ သင်္ကာမကင်းရှိခြင်း ဟူ၍ ဆိုထားပေရာ သံသယပျောက်လျှင် အမှန်ဘဝသို့ ရောက်မည်သာ ဖြစ်ပါသည်။ လူသားများပီပီတစ်ဦးနှင့်တစ်ဦး တွေ့ဆုံကာ မိမိတို့၏ ရင်တွင်းခံစားချက်များကို ညှိနှိုင်းဖြေရှင်း လိုက်လျှင် သံသယစိတ်ဆိုသည်မှာ ပျောက်သွားမြဲဓမ္မတာ ဖြစ်သည်။ ထို့အတူလက်နက်ကိုင် ဆောင်နေသော အဖွဲ့အစည်းများသည်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ညှိနှိုင်းဖြေရှင်းကြမည် ဆိုပါက မှန်ကန်သော အဖြေတစ်ခုရလာပေမည်။

ထို့ကြောင့်၂၀၂၂ ခုနှစ်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဟူသော ဦးတည်ချက်တစ်ရပ် ဖော်ပြထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မြန်မာနိုင်ငံကို တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ်ကြီးခုနစ်ခုနှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ် ထားပါသည်။ ထိုမှတစ်ဖန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသငါးခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုတို့ကိုလည်း သတ်မှတ်ပေးထားပါသည်။ အနှစ်ချုပ် ဆိုရလျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးမှာ တိုင်းရင်းသားအားလုံး ပါဝင်ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။