တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေးဟူသော  အချက်ဖော်ပြပါရှိသည်။

ထိုအချက်သည် နိုင်ငံအတွက်အမှန်တကယ်လိုအပ်ချက်ဖြစ်သည်။ နယ်စပ်ဒေသများ၊ ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြများဖွံ့ဖြိုး တိုးတက်ရေးတို့သည် လွန်စွာကွာခြားမှုမရှိသော အနေအထားသို့ ရောက်ရှိမှသာ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်ပေသည်။

တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်ကို ဖော်ပြရလျှင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး မှန်ကန်သော တရားဥပဒေစိုးမိုးမှုရှိမှသာ ထိုဒေသရှိ တိုင်းရင်းသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ နိုင်ငံတော်အစိုးရက တည်ဆောက်ပေးထားသော လမ်းတံတားများ၊ အဆောက်အဦများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆေးရုံများ၊ ကျောင်းများအစရှိသည်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူများအား ဖောက်ခွဲဖျက်ဆီးပစ်ခြင်း တို့လုပ်ဆောင်မှုပြုနေသမျှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ ရောက်လာနိုင်မည် မဟုတ်ပေ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဒေသ၊  ဖွံ့ဖြိုးမှုနည်းပါးသော ဒေသနေပြည်သူတို့၏ လူနေမှုဘဝကို တွေးရှုကာ လူသားချင်း စာနာထောက်ထားမှုဖြင့် အဖျက်လုပ်ရပ်များကို ရှောင်သင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  နိုင်ငံတော်တာဝန်ကို စတင်ယူချိန်မှစ၍  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းကော်မတီ သုံးရပ်ကို ဖွဲ့စည်းပေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်စေလျက်ရှိပါသည်။ ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီ အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၁၆ ကြိမ်၊  NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကိုးကြိမ်၊  နိုင်ငံရေးပါတီများနှင့် ခုနစ်ကြိမ်၊  ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့များနှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါသည်။ စုစုပေါင်း (၃၄)ကြိမ် တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးပြီး ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည် လွန်စွာ အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ် ထားပါသည်။ ထို့ပြင် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲတွင် ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း ကျင်းပမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ အတူတကွ နေထိုင်လာခဲ့ကြသူများ ဖြစ်ပါသည်။ အေးအတူပူအမျှစည်းလုံး ညီညွတ်စွာ လက်တွဲခဲ့ကြသည်မှာ ကိုလိုနီလက်အောက်ခံ အဖြစ်သို့ မကျရောက်မီအချိန်ထိ ဖြစ်သည်။  ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က ၎င်းတို့၏ အုပ်ချုပ်မှုသက်တမ်းကြာမြင့်စေရန်  မြန်မာတိုင်းရင်းသား အချင်းချင်းကို သွေးခွဲအုပ်ချုပ်ခဲ့ကြသည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အထင်အမြင်လွဲမှားစေနိုင်သော သမိုင်းကြောင်းများကို ဖန်တီးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် အင်္ဂလိပ်တို့အနေဖြင့် ယင်းတို့၏ လက်အောက်ခံနိုင်ငံများအား လွတ်လပ်ရေးမပေးလိုဘဲ ဆက်လက်အုပ်ချုပ်လိုကြသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော အင်္ဂလိပ်တို့သည်လည်း မြန်မာနိုင်ငံကို ဆက်လက် စိုးမိုးထားရန် ကြံရွယ်ထားသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာ ရှိနေခြင်း၊ တိုင်းရင်းသား အပေါင်းတို့ကလည်း သွေးစည်းညီညွတ်မှု ရှိနေခြင်းတို့ကြောင့် လွတ်လပ်ရေးကို ကြာရှည်ဆုပ်ကိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။ အင်္ဂလိပ်တို့အနေဖြင့်  မဖြစ်မနေလွတ်လပ်ရေး ပေးရသော် တောင်တန်းဒေသကို ချန်လှပ်ထား လိုသေးသည်။ ထို့ကြောင့် သွေးခွဲနည်းမျိုးစုံဖြင့် ဆွဲဆောင်စည်းရုံး သွေးခွဲခဲ့သေးသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ဖြစ်ပေါ်လာပြီး ပြည်ထောင်စုနေ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုအခါ (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့သို့  မကြာမီတွင် ကျရောက်တော့မည်ဖြစ်ပေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေသည့်   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းတွင် တိုင်းရင်းသားအားလုံးလက်တွဲ ပါဝင်ကြရမည် ဖြစ်ပါသည်။ သို့မှသာ  ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရေး နှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင် ယခုထက်ပိုမို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။