ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သောစုပေါင်းအား

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်ထောင်စုတစ်ဝန်းလုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနေသော မြင်ကွင်းများသည် ကြည်နူးချမ်းမြေ့ဖွယ်မြင်ကွင်းများ ဖြစ်ခဲ့သည်။ တိုင်းရင်းသားတို့၏ စုပေါင်းအားဖြင့် ကြုံတောင့်ကြုံခဲသော စိန်ရတုကို ကြိုဆိုခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်းသွေးစည်းညီညွတ်မှု ရှိနေရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်။ တိုင်းရင်းသား အပေါင်းစည်းလုံးညီညွတ်နေမှသာ ပြည်ထောင်စုမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပေမည်။

မြန်မာနိုင်ငံသည် သာယာဝပြောသောနိုင်ငံ ဖြစ်ရမည်။ စားရေရိက္ခာ ဖူလုံသောနိုင်ငံဖြစ်ရမည်။ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရမည်။ ဤသည်မှာ နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်တို့ ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူညီသောစိတ်ဆန္ဒများရှိရန် လိုအပ်ပါသည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေသည်ကို ပြည်သူတစ်ရပ်လုံး တွေ့မြင်ကြားသိပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်မှာ ၇၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခိုင်မာမှုနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက် မရှိသည့်အနေအထား ဖြစ်ခဲ့သည်။ တိုင်းရင်းသားပြည်သူများ၏ ခွန်အားများ၊ စွမ်းအား များသည် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆုံးရှုံးလျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်နက်စွဲကိုင်ကာ အဖြေရှာနေမည့်အစား သမိုင်းအစဉ်အဆက် ဖြစ်ပေါ်တည်ရှိလာသည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထိုလမ်းကြောင်းသို့ လျှောက်လှမ်းရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး တံခါးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

တိုင်းရင်းသားလူမျိုးတို့သည် ဤမြေပေါ်တွင် နှစ်ပေါင်းရှည်ကြာစွာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကာ အေးအတူပူအမျှနေထိုင်နိုင်ကြမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ပြီး တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပေလိမ့်မည်။ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပြီး ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်အောင် စွမ်းဆောင်ကြရပေမည်။ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုစကားအတိုင်း ပြင်းထန်သောစိတ်ဆန္ဒရှိနေကြမည်ဆိုပါက မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောကာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗုဒ္ဓဘာသာက လျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီ ၂၆ ပါတီတို့၏ ပူးတွဲသဘောထားထုတ်ပြန် ကြေညာချက်၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး (ဗဟို)တို့က တိုက်တွန်း ပန်ကြားချက်များ ထုတ်ပြန်ကာ အားပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များ ပြန်လည်လေ့လာလျှင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ သံသယစိတ်အခြေခံ ဖြစ်ခဲ့သည်။ သံသယအဘယ့်ကြောင့် ပေါ်ပေါက်လာခဲ့ရ သနည်းဆိုလျှင် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုက စတင်ခြင်းဖြစ်သည်။ ယနေ့အချိန်ထိလည်း ပြည်ပစွက်ဖက်မှုများက ရှိနေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ဘေးကပြောတာကို ယုံကြည်နေသမျှ ကာလပတ်လုံး သံသယတည်ရှိ နေပေလိမ့်မည်။ ထို့ကြောင့် ဘေးပြောတာကိုမယုံဘဲ သွေးပြောတာကို ယုံကြစေချင်သည်။ သံသယစိတ်များအစား သံယောဇဉ်စိတ်များ ကူးပြောင်းနိုင်ကြဖို့ လိုပေသည်။ သံယောဇဉ်စိတ်ထားရှိ ကြမည်ဆိုလျှင် မအောင်မြင်နိုင်သော အရာများရှိ နိုင်တော့မည် မဟုတ်ပေ။

လူသားမှန်သမျှသည် မည်သူတစ်ဦးတစ်ယောက်မျှ ခြောက်ပြစ်ကင်းသဲလဲ စင်ရှိနိုင်မည် မဟုတ်သည့်အတွက် သူမှားတာရှိခဲ့လျှင် မိမိကပြုပြင်ကာ သည်းခံခွင့်လွှတ်ခြင်း၊ မိမိကမှားသည်များ ရှိခဲ့လျှင်လည်း သူကသည်းခံ ခွင့်လွှတ်ခြင်းတို့ဖြင့် ပြုမူလုပ်ဆောင်ကြမည်ဆိုပါက မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးကြီးခိုင်မာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် လာပါလိမ့်မည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ် လျက်ရှိရာတွင် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကြိုတင် ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ဟူသော ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကိုအမှန်တကယ်တည်ဆောက်ပေးလိုသော စေတနာဆန္ဒ အရင်းခံကို ဖော်ပြခြင်း ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုစည်း အင်အားများ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်၊ ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် လိုသည့် စိတ်ဓာတ်တို့ဖြင့် ကျစ်လျစ်ခိုင်မာသည့် စုပေါင်းအား များနှင့်အတူ နိုင်ငံတော်ကို ဆက်လက်တည်ဆောက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။