အောင်မြင်မှုများနှင့် နိုင်ငံတော်ရှေ့ခရီး

မိမိတို့အစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပထမအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောမှုရှိရန်၊ စားရေရိက္ခာ ပေါများရန် ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်နိုင်မည် ဆိုသည့်အတိုင်း စားသောက်ရေး အဆင်ပြေမှသာ ကျန်းမာပြီး အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏လုပ်ငန်းစဉ်အဖြစ် ဦးစားပေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံ၏ ဓနအင်အား တိုးတက်လာချိန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် နိုင်ငံ၏လုံခြုံရေးကို အပြည့်အဝ အကာအကွယ် ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့်တည်ဆောက်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်သွားရမည် ဖြစ်ပြီး နိုင်ငံသူနိုင်ငံသား အားလုံးပါဝင်သည့် စုစည်းညီညွတ်သည့်ကာကွယ်မှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၃ ရက်တွင်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ဤသည်မှာနိုင်ငံတော်၏ ရှေ့ခရီးအတွက် ဆောင်ရွက်မည့် အစီအမံများဖြစ်ပေရာ နိုင်ငံနှင့်လူမျိုးကို ချစ်သူတိုင်း၏ မျှော်လင့်ချက်ဖြစ်သည်။  စားရေးအတွက်မပူပင်ရ၊ နေထိုင်ရေးအတွက် မပူပင်ရသော အခြေအနေသည် လူတိုင်း၏မျှော်လင့်ချက်ဖြစ်သလို မိမိနိုင်ငံ၏ကာကွယ်ရေး စွမ်းအားမြင့်မားနေခြင်းကိုလည်း ဂုဏ်ယူရတော့မည်ဖြစ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံနေထိုင် လိုသော်လည်း အချို့သော နိုင်ငံတို့၏ သဘောထားသည် မှန်ကန်မှုမရှိကြောင်း တွေ့မြင်နေရသည်။  အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်မျိုးစုံ လုပ်ဆောင်နေမှန်းသိပါလျက် အားပေးအားမြှောက် ပြုနေသော နိုင်ငံအချို့ရှိနေသည်မှာ မနှစ်မြို့ဖွယ်ဖြစ်ပါသည်။

နိုင်ငံတော်ကာကွယ်ရေးအင်အားတောင့်တင်းခိုင်မာနေရေး၊ နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ စီးပွားရေး ကောင်းမွန်ရန်အတွက် မြေပေါ်မြေအောက် သယံဇာတများစွာ ရှိနေပြီး စက်မှုလုပ်ငန်းနှင့် ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများလည်း နေရာအနှံ့တွင် ရှိနေပါသည်။ ထို့အတူ မြေကြီးကရွှေသီး နိုင်ရန်အတွက် စိုက်ပျိုးမြေများလည်း များစွာရှိနေပါသည်။ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း နိုင်ငံတော်တိုးတက်အောင် ဆောင်ရွက်ကြရန်သာ လိုပေသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့်အချက်မှာ ပညာရေးဖြစ်သည်။ မည်သည့်လုပ်ငန်းကို လုပ်ဆောင်သည်ဖြစ်စေ ပညာမပါဘဲ ဆောင်ရွက်အောင်မြင်နိုင်သည် ဟူ၍မရှိပါ။ အတန်းပညာရှိမှ အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူမည် ဖြစ်သည်။ ယနေ့ခေတ်တွင်နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာခြင်းကို ကောင်းမွန်စွာ အသုံးချနိုင်ရေးအတွက် အသိပညာ အတတ်ပညာတို့မှာ မရှိမဖြစ်လိုအပ်နေပြီ ဖြစ်သည်။ နိုင်ငံသားတို့၏ စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်ပေးနေသော တောင်သူလယ်သမားတို့သည်ပင် မိမိတို့လယ်မြေများကို သမားရိုးကျစိုက်ပျိုးခြင်း မဟုတ်တော့ဘဲ အထွက်နှုန်းကောင်းမွန်ရေး၊ ဈေးကွက်ဝင်သီးနှံ မျိုးကောင်းမျိုးသန့် ဖြစ်ရေးတို့ကို လုပ်ဆောင်ကြရတော့မည် ဖြစ်သည်။ မိုးစပါး၊ နွေစပါးအပြင် ဆောင်းသီးနှံများ စိုက်ပျိုးခြင်းနှင့်အတူ မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြရမည်ဖြစ်သည်။ သို့မှသာစီးပွားရေး ပိုမိုကောင်းမွန်လာပြီး တစ်ဦးချင်းမှသည် တစ်ပြည်လုံး စီးပွားရေးကောင်းလာပေမည်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ပညာတတ်များ များစွာလိုအပ်နေသလို ပညာတတ်များသည်လည်း မိမိနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို ကောင်းစွာ အကျိုးပြုနိုင်သူများ ဖြစ်သင့်သည်။ မိမိတတ်ထားသောပညာဖြင့် မိမိနိုင်ငံကို အကျိုးပြုနိုင်အောင် အသိပညာရှင် အတတ်ပညာရှင်များက ကြိုးစားမှသာ တိုင်းပြည်သာယာဝပြောမှု ရှိပါမည်။ နိုင်ငံသားအားလုံးက နိုင်ငံ၏ လိုအပ်ချက်များကို မိမိတတ်စွမ်းသည့် နေရာမှ ပါဝင်သင့်ပေသည်။ ကာကွယ်ရေး စွမ်းအားလိုအပ်လျှင် ကာကွယ်ရေးစွမ်းအားအတွက် ဖြည့်တင်းခြင်း၊ စီးပွားရေးအင်အားလိုအပ်လျှင် စီးပွားရေးဖွံ့ဖြိုးလာစေရန် ကြိုးပမ်းခြင်းတို့  ပါဝင်ဆောင်ရွက်ကြမည် ဆိုပါက နိုင်ငံတော်၏ ရှေ့ခရီးသည် အောင်မြင်မှုများစွာ ရရှိမည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပေသည်။  ။