ရှေ့သို့ရှင်သန်အာဆီယံ

ရှေ့သို့ရှင်သန်အာဆီယံ

အယ်ဒီတာအာဘော်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်နိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်  ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်မည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဘရူနိုင်း၊

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ စုံညီစွာ ပါဝင်တက်ရောက်ရန် ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းဆောင်ရွက်မှုကို မြန်မာက အသိအမှတ်ပြု ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက မူအရလက်မခံနိုင်သော ယခင်ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားသည့် အာဆီယံ အဖွဲ့ဝင်အချို့၏ ရပ်တည်ချက်ကြောင့် ကမ္ဘောဒီးယားတွင် ပထမဆုံးအကြိမ်ကျင်းပသည့် အဆိုပါ အစည်းအဝေးမှာ မြန်မာမပါဝင်သော အစည်းအဝေး တစ်ရပ်အဖြစ် ကျင်းပကြရမှာဖြစ်သည်။ အာဆီယံ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်တွင် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များမှ တစ်ဆင့် ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်မှုကိုမြှင့်တင်ရန်၊ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့လာခြင်း မရှိစေရန်အတွက် ဒေသအတွင်း နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ကာကွယ်ရန်၊ ဒေသအတွင်းရှိ နိုင်ငံများအချင်းချင်း သဘောထား ကွဲလွဲမှု ဖြစ်လာပါက ထိန်းသိမ်း ဖြေရှင်းပေးရန် ဟူ၍ ဖြစ်သည်။

အာဆီယံပဋိညာဉ်ပါ အချက်များတွင် ပါရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေးကို မစွက်ဖက်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှ မစွက်ဖက်ရန် ဟူသောအချက်များကို ရှိထားပါလျက် မြန်မာနိုင်ငံက မူအရ လက်မခံနိုင်သော ကိစ္စရပ်ကို တောင်းဆိုနေခြင်းသည် လုံးဝမဖြစ်သင့်သော ကိစ္စရပ်ဖြစ်သည်။ အာဆီယံနိုင်ငံများမှာ ပထဝီအနေအထားအရ၊ ဘာသာရေးအရ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပုံစံများအရ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားပါသည်။ မည်သို့ပင် မတူညီကြသော်လည်း အရှေ့တောင်အာရှဒေသတွင် တည်ရှိနေသော နိုင်ငံများအဖြစ် ပေါင်းစည်းထားခြင်းဖြစ်သည်။ ကမ္ဘာတွင် သူ့နေရာ ဒေသအလိုက် နိုင်ငံများအုပ်စုဖွဲ့ကာ ဘုံသဘောတူညီချက်ဖြင့် လုပ်ဆောင်နေကြသည့် အထဲတွင် အာဆီယံသည် လည်း ထို့အတူပါဝင်သည်။ အဓိကအချက်မှာ ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ရာတွင် တူညီဆန္ဒသည် လွန်စွာအရေးပါလှသည်။

အာဆီယံ အသိုက်အဝန်း အနေဖြင့် ဒေသပြင်ပမှ အင်အားကြီးနိုင်ငံအချို့၏ အားပြိုင်မှုတွင် မိမိတို့နိုင်ငံ အချင်းချင်း ပိုမိုသိပ်သည်းကျစ်လျစ်၍ စည်းလုံးညီညွတ်မှုရှိနေရန် လိုအပ်သည်။ သို့မဟုတ်ပါက ဒေသတွင်း စည်းလုံးမှုပြိုကွဲပြီး အာဆီယံ၏ ဘုံရည်မှန်းချက်များ မှေးမှိန်သွားစေနိုင်လေသည်။ မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံတော် တာဝန်ယူထားရသော အစိုးရတစ်ရပ်သည် ဒီမိုကရေစီ နည်းလမ်းကျကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်နေသည့် အစိုးရတစ်ရပ် ဖြစ်ပါသည်။

အင်အားကြီးနိုင်ငံတို့က ၎င်းတို့၏ မဟာဗျူဟာ အကျိုးစီးပွားအတွက် အာဆီယံအဖွဲ့အတွင်း ဝင်ရောက် ဖိအားပေးခြင်း၊ အကျပ်ကိုင်ခြင်း၊ သွေးဆောင်စည်းရုံးခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်နေခြင်းမှာ အာဆီယံအဖွဲ့ကြီးစည်းလုံးမှုကို ပြိုကွဲအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဆီယံအဖွဲ့အစည်းတွင်လည်း ဘယ်သူခွဲခွဲ ဒို့မကွဲ ဟူသောစိတ်ဓာတ်ကို အာဆီယံနိုင်ငံ အားလုံးက မွေးမြူသင့်ကြသည်။ အာဆီယံနိုင်ငံများ တည်ရှိသည့် နေရာသည် ၂၁ ရာစု၏ ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းတွင် လွန်စွာအရေးပါသော နေရာဒေသ ဖြစ်လာသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပြီး နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူများကို စောင့်ထိန်းသည့် နိုင်ငံဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူ ရှိရမည့် မူနှင့်အညီ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအပါအဝင် နိုင်ငံများနှင့်အပြုသဘော ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မြန်မာနိုင်ငံသည် အာဆီယံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်ဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အသီးသီးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သလို ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာကဲ့သို့ စိတ်ထားမျိုး အခြားနိုင်ငံများ ထားရှိကြမည် ဆိုပါက ရှေ့သို့ရှင်သန်အာဆီယံ အဖြစ် ခိုင်ခိုင်ခံ့ခံ့ တည်ရှိနေမည်ဟု ယုံကြည်ပါကြောင်း ရေးသား လိုက်ရပေသည်။