လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair-2022)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကစတင်၍   ငါးရက်ကြာကျင်းပလျက်ရှိသည်။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် အပါအဝင်ဖြစ်သည့် တောင်သူလယ်သမားများသွင်းအားစု(မျိုးစေ့)များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံဆောင်ရွက်ရန် ပြဋ္ဌာန်းချက်နှင့်အညီ မျိုးစေ့ပြပွဲများ ကျင်းပခြင်း ဖြစ်သည်။ မျိုးစေ့ပြပွဲကိုမျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့်လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လှုမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဆိုပါ မျိုးစေ့ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားရာတွင် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် ရောဂါပိုးမွှားဒဏ်ခံနိုင်မှု၊ ရေငတ်ဒဏ်ခံနိုင်မှု၊ ရေဝပ်ဒဏ်ခံနိုင်မှု၊ အပူချိန်နိမ့်မြင့်ဒဏ်ခံနိုင်မှု၊ အထွက်ပိုမိုရရှိမှု စသည့် အကျိုးကျေးဇူးများကို  ရရှိနိုင်မည်ဖြစ်ပါကြောင်း၊  သို့မှသာ တောင်သူများအနေဖြင့် သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်းပါ တိုးတက်လာပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသော လယ်ယာထွက်ကုန်ပစ္စည်းများကို  နိုင်ငံတကာဈေးကွက်သို့  ချိတ်ဆက်တင်ပို့ ရောင်းချနိုင်ခြင်းဖြင့်  ဝင်ငွေများမြင့်မားတိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ်မျိုးစေ့ပြပွဲ၏ ဆောင်ပုဒ်အနေဖြင့် လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်းမျိုးသန့်သုံးကြစို့ ဟုသတ်မှတ်ပြီး ကျင်းပခြင်း ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးလုပ်ငန်းစဉ်အနေဖြင့် သာယာဝပြောမှုရှိစေရန်၊ နိုင်ငံတော်စားရေ ရိက္ခာပေါများပြီး နိုင်ငံသူနိုင်ငံသားများ အားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာ ရရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်ကြပြီး ၃၈ သန်းမျှသောနိုင်ငံသူ၊ နိုင်ငံသားများသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြသူများ ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအတွက် မျိုးကောင်း၊ မျိုးသန့်များ ရရှိစိုက်ပျိုးထုတ်လုပ်နိုင်ရေးသည် လယ်ယာကဏ္ဍအတွက် အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်ထွန်းအောင်မြင်လိုပါက မျိုး၊ မြေ၊ ရေ၊ နည်း စသည့်လေးချက်ကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။ မြေနှင့်ပတ်သက်၍ မြေကိုစနစ်တကျ ပြင်ဆင်ခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ ထည့်သွင်းခြင်းဖြင့် သီးနှံများအတွက် အာဟာရပြည့်ဝစွာ ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ မွေးမြူရေးနှင့် ပတ်သက်၍ လည်း တိရစ္ဆာန်များအတွက် မြေကိုကောင်းအောင် ဆောင်ရွက်ပေးခြင်းနှင့် အာဟာရပြည့်အောင် အစာကျွေးမွေးခြင်းများ လုပ်ဆောင်ရပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတာဝန်ယူ ဆောင်ရွက်သည့် တစ်နှစ်တာကာလအတွင်း နိုင်ငံတော်၏ အဓိကသီးနှံများဖြစ်သည့် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် စီးပွားဖြစ်မျိုးကောင်း မျိုးသန့်မျိုးစေ့များ ထုတ်လုပ်ရန်အတွက် မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၄၅၅၄ ဧက၊ စပါးသီးနှံအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၈၀၄၈ ဧကစိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ရှေ့လာမည့် နှစ်များတွင် ယခုထက်မက ပိုမိုထုတ်လုပ်နိုင်ရန် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေးကို အားပေးရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံစွာ ရရှိစေရန်အတွက် သီးနှံတန်ဖိုးကွင်းဆက် တစ်လျှောက်လုံးတွင် မျိုးစေ့စတင်ထုတ်လုပ်သည်မှ ဖြန့်ဖြူးခြင်း အပါအဝင် ထိန်းသိမ်းသိုလှောင်ခြင်း၊ ခေတ်မီနည်းပညာများဖြင့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စနစ်တကျ ထုပ်ပိုးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများအထိ အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။ မျိုးစေ့မမှန် ပင်မသန် ဆိုသည့်စကားအတိုင်း မျိုးစေ့မကောင်းပါက အထွက်နှုန်းလျော့နည်းပြီး တောင်သူ လယ်သမားများ နစ်နာဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။

ထို့ကြောင့်မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသည့်အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံ လိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ကူညီထောက်ခံချက်များဖြင့် နိုင်ငံသား ကုမ္ပဏီများသာမက နိုင်ငံခြားသား ကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက ပြောကြားခြင်း ဖြစ်သည်။ မျိုးစေ့ထုတ်လုပ်ရေး လုပ်ငန်းသည် ပြည်တွင်း လိုအပ်ချက်အတွက် သာမက ပြည်ပသို့မျိုးစေ့တင်ပို့မှုအတွက်ပါ ဆောင်ရွက်နိုင်ပြီး အကျိုးအမြတ်ကောင်းစွာ ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတစ်ခု ဖြစ်ပေရာ နိုင်ငံတော်အကျိုး၊ တောင်သူလယ်သမားများ၏ အကျိုးကို ရှေးရှုပြီး မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများပါ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြမည် ဆိုပါက ပြည်တွင်းစီးပွားရေး လုပ်ငန်း များမှ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်ကြမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။