မြန်မာ့အားကစားအောင်မြင်မှုရရှိရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂ ရက်)

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ၍ ဧပြီ ၂၉ ရက်နေ့ကကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားပြီး အောင်နိုင်ရေးအလံကို နိုင်ငံတော်အကြီးအကဲက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံအပ်နှင်းခဲ့သည်။  အားကစားအောင်နိုင်ရေးသည် မြန်မာတစ်မျိုးသားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းသီဆိုနေသော အောင်ပွဲများကို ပြည်သူတို့မြင်တွေ့လိုကြသည်။

နိုင်ငံတော်ကြီး နိုင်ငံတကာနှင့် အဘက်ဘက်တွင် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းလျက်ရှိရာ တွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံ တကာအဆင့်မီဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စနစ်တကျအစီအမံများချမှတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခေတ်အဆက်ဆက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ သည့် အာရှအားကစားပြိုင်ပွဲနှင့်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများကိုလည်း အသက်(၆၀)ပြည့်မြောက်သည့်အချိန်မှစပြီး သက်ရှိထင်ရှားရှိနေသမျှကာလပတ်လုံး လစဉ်ချီးမြှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိသည်။

၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၁၂ ဦးနှင့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များတွင်ရွှေတံဆိပ်ငါးခုနှင့်အထက်ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနက်မှ ၂၄ ဦးကို လူမှုထူးချွန် ပထမအဆင့်ချီးမြှင့် ပေးအပ်ခဲ့သည်။ အဆိုပါ အောင်မြင်မှုရယူခဲ့ကြသော အားကစားသမားများ နည်းတူ မျိုးဆက်သစ်အားကစားသမားများသည်လည်း အောင်မြင်မှုရရှိအောင်ကြိုးစားကြရမည်ဖြစ်သည်။ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် အားကစားသမားအားလုံး၏ပခုံးထက်တွင် ရှိနေပြီဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲက “ယခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ၏ကိုယ်စား သွားရောက်ယှဉ်ပြိုင်မည့် အားကစား မောင်မယ်များကိုလည်း ကြိုးစားမှုရလဒ်များအပေါ်မူတည်ပြီး နိုင်ငံတော်အနေဖြင့် ဆုရအားကစားသမားများအတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေကျပ် သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ရွှေအသင်းလိုက်တစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက်တစ်ဦးချင်း ငွေကျပ်သိန်း ၇၀၊ ကြေးအသင်းလိုက်တစ်ဦးချင်း ငွေကျပ် ၃၅ သိန်း၊ နည်းပြ များ အတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြ တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှု အဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၃၀ တို့အား ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မြန်မာ့အားကစားအောင်မြင်မှုရရှိရေးအတွက် ချီးမြှင့်မည့်အစီအစဉ်မှာ လွန်စွာကျေနပ် အားရဖွယ်ကောင်းလှသည်။ အားကစားသမားများအနေဖြင့် ယခင်က ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်အပိုင်းကထောက်ပံ့ချီးမြှင့်မှုရှိနေသလို အားကစားသမားတစ်ဦးချင်း ကလည်း ဇွဲ လုံ့လ ဝီရိယတို့ဖြင့် ငါ့နိုင်ငံတော် ငါ့နိုင်ငံသားတို့အတွက်ဟူသော နိုင်ငံချစ်စိတ်အပြည့်ဖြင့် ကြိုးစားကြရမည်ဖြစ်သည်။

အမိနိုင်ငံ၏အလံတော် လွှင့်ထူဂုဏ်ပြုခံရခြင်းမျိုးကို နိုင်ငံသားတိုင်းကလိုလားကြသည်ဖြစ်သဖြင့် ပြိုင်ပွဲဝင် အားကစားသမား အားလုံးက အားသွန်ခွန်စိုက်ကြိုးစားကြပြီး ပြိုင်ပွဲကပေးသောဆုကြေးနှင့် နိုင်ငံတော်က ဂုဏ်ပြုဆုကြေးများကို ပျော်ရွှင်စွာ လက်ခံနိုင်ခြင်းဖြင့် အတ္တ၊ ပရနှစ်ဖြာဝမ်းသာပျော်ရွှင်ကြရမည်ဖြစ်သည်။ “ထို့ကြောင့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို အပ်နှင်းလိုက်မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်၏အလံတော်ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည်ဟူသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော် အောင်လံ တလူလူလွင့်ပျံနေရစေရေး ရေကုန်ရေခန်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက်တိုက်တွန်း လိုပါ ကြောင်း” နိုင်ငံတော်အကြီးအကဲက မှာကြားခဲ့သည်။

မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေးဟူသည့် အမျိုးသား ရေးသန္နိဋ္ဌာန်ဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ရမည်ဖြစ်သလို မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက်အစဉ် အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြိုင်ပွဲဝင်အားကစားသမားများအားလုံး အနိုင်မခံအရှုံးမပေးသည့် ကြံ့ခိုင်စိတ်ဓာတ်၊ မလျှော့သောဇွဲ၊ လုံ့လဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် သတင်းကောင်းကို ပြည်သူတစ်ရပ်လုံးက ကြိုဆိုမျှော်လင့်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။