ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးရင်ဆိုင်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂၇ ရက်)

မြန်မာနိုင်ငံအတွက် ယခုအချိန်ကာလသည် မိုးကြိုကာလဖြစ်သည်။ မိုးကြိုကာလဖြစ်သည့်အတွက် မိုးနှင့်ပတ်သက်သော သဘာဝ ဘေးအန္တရာယ်ကို အထူးသတိပြုကြရမည်ဖြစ်သည်။ မေလ ၂၀ ရက်မှစ၍ ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် လေပြင်းများတိုက်ခတ်ပြီး  မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်သဖြင့် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်နှင့်ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ထိုသဘာဝ ဘေးအန္တရာယ်တွေ့ကြုံမှုတွင် ပြည်နယ်အစိုးရ၏ မှန်ကန်သည့်စုဖွဲ့မှု၊ ကောင်းမွန်သည့်ဇာတ်တိုက်လေ့ကျင့်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီ အတွင်းဖြစ်ပေါ်ခဲ့သည့် ပြဿနာ အခက်အခဲများကို ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း  သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ်အပေါ် ပြည်နယ်အစိုးရ၏ ဖြေရှင်း ဆောင်ရွက်မှုကို မျက်မြင်ကြည့်ရှု၍ လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသခံ ပြည်သူများအား အားပေးစောင့်ရှောက်ရန် မေလ ၂၂ ရက် နေ့လယ်ပိုင်းက မော်လမြိုင်မြို့သို့ရောက်ရှိခဲ့ပါသည်။ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ် တို့ရှိရေဘေးသင့်ပြည်သူများ၊ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ အမှာစကားပြော ကြားခဲ့သည်။

ဤသည်မှာ သတင်းမီဒီယာများတွင် ဖော်ပြထားပြီးသောသတင်းကို အကျဉ်းချုပ်ဖော်ပြခြင်းဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ကြုံလာလျှင် အချိန် နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးများ ကြိုတင်ဆောင် ရွက်ထားပြီး နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် အနီးကပ်ကြည့်ရှုကူညီလျက်ရှိကြောင်းကို သိရှိစေရန်ဖော်ပြလိုရင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လာလျှင် ကြိုတင်ပြင်ဆင်မှုသည် အလိုအပ်ဆုံးဖြစ်ပါသည်။

ထို့ကြောင့် သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်လျှင် ဖြေရှင်းဆောင်ရွက်ရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သဘောဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်း၍ စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ စီမံချက်များရေးဆွဲရာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ဂီရိမုန်တိုင်း၊ တာလေငလျင်၊ ကလေး-ကလေးဝ မြို့ မြစ်သာမြစ်နှင့် နေရဉ္ဇရာမြစ် ရေကြီးရေလျှံမှု စသည့် အတွေ့အကြုံများကိုအခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ ဒေသအလိုက် ဖြစ်ပေါ်တတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကိုလည်း ထည့်သွင်းရေးဆွဲထားပါသည်။

သဘာဝဘေးအန္တရာယ်ဟူသည် တားဆီးရန်မဖြစ်နိုင်သဖြင့် မဖြစ်မီက ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်း၊ ဇာတ်တိုက် လေ့ကျင့် ထားခြင်းနှင့် ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်မည် ဖြစ်သည်။ ဖြစ်ပွားပြီးပါကလည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် မုန်တိုင်းနှင့်အတူ ထူးကဲ ဒီရေတက်ခြင်း၊ ရေကျချိန်တွင် အညစ်အကြေးများကျန်ရှိခြင်း၊ မှက်၊ ခြင်၊ ယင်များမှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပေါ်တတ်ခြင်း၊ မသန့်ရှင်းသည့်ရေကြောင့် ရောဂါဖြစ်စေခြင်းတို့ကိုလည်း ကြိုတင်တွက်ဆ ထားရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်သည် မိမိတို့တစ်နိုင်ငံတည်းသာလျှင် ခံစားနေရခြင်းမဟုတ်ပေ။ ကမ္ဘာတစ်ဝန်းနိုင်ငံအသီးသီးတွင် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်ရခြင်းအကြောင်းတစ်ချက်အနေဖြင့် ဖွံ့ဖြိုးဆဲဖွံ့ဖြိုးပြီး နိုင်ငံများ အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် အလွန်အကျွံ ထုတ်လွှတ်မှုများကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ဖန်လုံအိမ် နိယာမအရ အိုဇုန်းလွှာများ ပေါက်ပြဲခြင်းမှတစ်ဆင့် ကမ္ဘာကြီး၏ ပူနွေးမှုအရှိန်မြင့်တက်စေကာ ရာသီဥတုပြောင်းလဲဖောက်ပြန် ခြင်းဖြစ်သည်။ ထိုမှနောက်ဆက်တွဲအဖြစ် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကျရောက်စေခြင်းဖြစ်သည်။ Climate Change နှင့် ပတ်သက်၍ နိုင်ငံကြီးများ၏ ခေါင်းဆောင်များအနေဖြင့် အကောင်းဆုံးကျော်လွှား နိုင်ရန် ငြင်းခုံဆွေးနွေး အဖြေရှာနေကြဆဲ ဖြစ်ကြောင်းသိရှိရသည်။

ထို့ကြောင့် သဘာဝတရားအရ တားဆီးရန်၊ ရပ်တန့်ရန်မဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကိုရင်ဆိုင်ဖြေရှင်းရန်မှာ  ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက စီမံချက်အတိုင်း လုပ်ဆောင်ခြင်းနှင့် နောက်ဆက်တွဲပြန်လည်ထူထောင်ရေးလုပ်ငန်းများ  စနစ်တကျလုပ်ဆောင်ခြင်းတို့သည်သာ အကောင်းဆုံး ပြင်ဆင်မှုဖြစ်ပါသည်။ ကြိုတင်သတ်မှတ်၍မရဘဲ တားဆီးရန်ခက်ခဲသောသဘာဝဘေးအန္တရာယ်များကို နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ရင်ဆိုင်ကြမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။