ကောင်းမွန်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ

လူသားတို့၏ လူမှုစီးပွားရေးဘ၀ အသက်မွေးဝမ်းကျောင်းပြုကြရာတွင် ကုန်ပစ္စည်းများ ရောင်းခြင်းဝယ်ခြင်း လုပ်ငန်းများ၊ တိုက်တာအိမ်ခြံမြေ ရောင်းဝယ်ခြင်း လုပ်ငန်းများ ပါဝင်သည်။ ထိုသို့အရောင်းအဝယ်ပြုကြရာတွင် နှစ်ဦးနှစ်ဖက်ပစ္စည်းကို ကြည့်ကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် လုပ်ဆောင်ကြပါက အရောင်းအဝယ် လျင်မြန်စွာ ပြီးမြောက်သည်။ သို့မဟုတ်ဘဲ ကြားခံလူတစ်ဦးဦးက ပွဲစားသဘောမျိုး ပါဝင်လာလျှင် ထိုအရောင်းအဝယ်သည် ကြန့်ကြာမှုရှိနေမည်ဖြစ်သည်။  ပွဲစားဆိုသည်မှာ မိမိအကျိုးအတွက်ကို အဓိကကြည့်ရှုပေရာ ၎င်း၏အကျိုးအမြတ်မရှိလျှင် ထိုလုပ်ငန်းကိုက ဖျက်ယဖျက်လုပ်ပေလိမ့်မည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် အထက်တွင်ပြခဲ့သော ဥပမာအတိုင်း ဖြစ်နေသည်။

မြန်မာတို့၏ပြည်တွင်းရေးကို မြန်မာတို့ကိုယ်တိုင် စိတ်ကြိုက်ဆုံးဖြတ်သည်ထက် ကြားပွဲစားဖြစ်သူ ပြည်ပနိုင်ငံအချို့က ဝင်ရောက်စွက်ဖက်နေသည့်အတွက် ချုပ်ငြိမ်းရမည့် ပဋိပက္ခများ ကြာရှည်နေခြင်းဖြစ်သည်။

လွတ်လပ်ရေးရရှိခဲ့ပြီး ဖြစ်သော်လည်း လွတ်လပ်ရေး၏ အနှစ်သာရကို ပြည်သူတို့ အပြည့်အဝ မခံစားရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။ မငြိမ်းချမ်းသော နယ်မြေဒေသများရှိ ပြည်သူလူထု၏ အနာဂတ်များမှာ သေချာရေရာမှု မရှိသောဘဝတွင် ရှင်သန်နေကြရသည်။ တပ်မတော်အနေဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရန်သူကိုမတိုက်လျှင်မဖြစ်၍ တိုက်နေရခြင်းဖြစ်သည်။ တပ်မတော်၏ စစ်မှန်သော သဘောထားအမှန်မှာ ထာဝရငြိမ်းချမ်းရေးသာ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တိုင် တပ်မတော်သည် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲပေးထားသည်။ တရားဝင်သတင်းများလည်း ထုတ်ပြန်ပေးထားပြီး ဖြစ်သည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်ဦးတည်ပြီး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေး နှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရနှင့်တပ်မတော် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်သည်။ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်ကြမည် ဖြစ်သည်။ ဤသည်ကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်သည့် အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များကို ဖိတ်ခေါ်ဆွေးနွေးနေခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ထားသည်မှာ ပြည်သူတစ်ရပ်လုံး၏ လိုလားနေသည့် ငြိမ်းချမ်းရေးကို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ မေလ ၁၂ ရက်တွင် ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၄/၂၀၂၂)တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် စပ်လျဉ်း၍ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထိရောက်သည့် အဖြေတစ်ခု ထွက်လာစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ EAO များ၏အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒများဖြင့် နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲ၏ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်များအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ထိရောက်သည့် အဖြေရရှိမည် ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုသားအားလုံး၏ အကျိုးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက် ပေးကြရမည် ဖြစ်ပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် ငြိမ်းချမ်းရေး လမ်းကြောင်းကို ပြည်ပစွက်ဖက်မှုကင်းစွာဖြင့် ညီရင်းအစ်ကို စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့် အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးကြမည်ဆိုပါက မအောင်မြင်စရာ မရှိနိုင်ဟု ယုံကြည်ပါသည်။ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုသည့် ဆန္ဒအစစ်အမှန်ထားရှိကာ ဘေးပြောတာကိုမယုံဘဲ မိမိတို့ကိုယ်တိုင် နိုင်ငံတော် အကြီးအကဲနှင့် တွေ့ဆုံညှိနှိုင်းတိုင်ပင် ဆွေးနွေးလျက် ရှိသည်ကို ကြိုဆိုပါကြောင်း ရေးသား လိုက်ရပေသည်။   ။