မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂၉ ရက်)

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားများ အဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို တဖြည်းဖြည်း လျှော့ပေးခဲ့သည်။ ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်မှ စတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲခွင့်ပြုခဲ့သည်။ မေ ၂၅ ရက်အထိ နိုင်ငံတကာ ပုံမှန်လေကြောင်းလိုင်းများဖြင့် ပြည်တွင်းခရီးသည် ၂၀၆၅၇ ဦးနှင့် နိုင်ငံခြားသား ခရီးသည် ၅၅၆၁ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ တစ်ရက်လျှင် ပျမ်းမျှလေကြောင်းလိုင်း ကိုးလိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက် ပျံသန်းလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ရာသီဥတု၊ ကမ်းရိုးတန်းများ၊ ရေအောက်သန္တာ ကျောက်တန်းများ၊ ရေနေသတ္တဝါများ၊ လန်ပိကျွန်းကဲ့သို့သော သဘာဝဥယျာဉ်ကြီးများ၊ အနုပညာနှင့် ဆောက်လုပ်ရေး နည်းပညာများကို လေ့လာနိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသကဲ့သို့သော ယူနက်စကို အသိအမှတ်ပြု နေရာဒေသများ၊ အညာဒေသခရီးစဉ်များ၊ ကချင်ပြည်နယ် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးစဉ်များ၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ရထားလမ်း စသည်တို့မှာ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအတွက် လူတန်းစား အလွှာအသီးသီးကို ဆွဲဆောင်နိုင်သည့် နေရာဒေသ အရာဝတ္ထုများဖြစ်သည်။

ခရီးသွားများအတွက် ရောက်ရှိရာဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ရိုးရာအဝတ်အထည်များ၊ ရိုးရာအစားအစာများသည်လည်း စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်သည့် အရာများဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားနေရာဒေသများစွာရှိ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ များစွာတို့သည်ခရီးသွားတို့ စိတ်ဝင်စားဖွယ်၊ နှစ်သက်ဖွယ် နေရာများသာဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်”ဟု သတ်မှတ်ထားပေရာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ခြင်းဖြင့် မြန်မာ့စီးပွားရေးကို အကျိုးပြုနိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့သည့်နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် ခရီးသွား ကန့်သတ်ချက်များ ချမှတ်ထားခြင်းသည် ခရီးသွားလုပ်ငန်း၏ အသက်သွေးကြောကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ခရီးသွား လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များသာမက စီးပွားရေးနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်လာခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်စတင် လည်ပတ်နိုင်ရန်၊ ခရီးသွားလုပ်ငန်းမှ တစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို မေ ၂၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံ၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်အခမ်းအနားများနှင့် တောတောင်ရေမြေ သဘာဝအလှအပများသည် ခရီးသွားလုပ်ငန်း အမျိုးမျိုးကိုဖော်ဆောင်နိုင်သည့် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်ကောင်းများ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထူးခြားသည့် ရာသီပွဲတော်များ၊ အခမ်းအနားများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာဓလေ့ဖျော်ဖြေပွဲများနှင့် သဘာဝအလှအပ များကို ရှာဖွေဖော်ထုတ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း”ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် ပင်မစီးပွားရေး ကဏ္ဍတစ်ခုဖြစ်ပါသည်။ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်နိုင်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတကာခရီးသွား ဧည့်သည်များနှင့် မြန်မာပြည်သူ၊ ပြည်သားများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုတို့ကိုလည်း မြှင့်တင်ပေးနိုင်မည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်းမှ နိုင်ငံဝင်ငွေ ရရှိရေး ဆောင်ရွက်လျက်ရှိရာ အမျိုးသားခရီးသွား လုပ်ငန်းရေရှည်တည်တံ့စေရန်နှင့် အားလုံးပါဝင် ဆောင် ရွက်နိုင်သည့် ကဏ္ဍဖြစ်စေရေး ပုံဖော်ဆောင်ရွက်သွားနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။