နေပြည်တော်နှင့် ငြိမ်းချမ်းရေးအောင်ပွဲ

နေပြည်တော်နှင့် ငြိမ်းချမ်းရေးအောင်ပွဲ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၃၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက်နေ့ကပြုလုပ်သည့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် “နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အဓိကထား ဆောင်ရွက်ပြီး  Green City, Clean City, Smart City အဖြစ် တိုးတက်အောင် ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း”လမ်းညွှန်မှာကြားခဲ့သည်။

ယမန်နှစ် မေလ ၂၈ ရက်ကလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် မင်္ဂလာကန်တော်ပတ်လမ်း တိုးချဲ့တည်ဆောက်မည့် အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့် မြေနေရာပြုပြင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး “ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာသပ်ရပ်မှုတွင် စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊ အများပြည်သူ အပန်းဖြေသည့်နေရာ ဖြစ်သည့်အတွက် ပြည်သူများ စိတ်လက်အေးချမ်း သာယာစွာဖြင့် အနားယူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာမီ အချိန်အတွင်း မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မြို့တော်အတွင်းလမ်းများ၊ လူနေရပ်ကွက်များ အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အမှိုက်များ ကင်းစင်ကာ သန့်ရှင်းသာယာမှု ရှိစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန်” မှာကြားခဲ့ပါသည်။

နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရ၏ ရုံးစိုက်ရာမြို့ဖြစ်သည့်အတွက် နေပြည်တော်ကို စံပြမြို့တော်အဖြစ် အလေးထား လမ်းညွှန်မှာကြားနေခြင်းဖြစ်သည်။ နေပြည်တော်မှာ သဘာဝပတ်ဝန်းကျင် အထူးကောင်းမွန်ပြီး အရှေ့ရိုးမနှင့် အလယ်ရိုးမတောင်တန်းကြီး နှစ်ခုကြားတွင်တည်ရှိသည်။ ပေါင်းလောင်း(စစ်တောင်းမြစ်)၊ ငလိုက်ချောင်း၊ ဆင်သေချောင်းအပါအဝင် ချောင်း၊ မြောင်းများရှိပြီး မြေဆီမြေနှစ် ကောင်းမွန်သည်။ နေပြည်တော် ကောင်စီနယ်မြေသည် စတုရန်းမိုင် ၂၇၂၄ ရှိပြီး စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိသည်။ ရေလှောင်တမံ၊ ဆည်နှင့်ကန် စုစုပေါင်း ၃၂ ခုရှိပါသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျွဲ၊နွား၊ဆိတ်၊ ဝက်နှင့်ကြက်မွေးမြူရေး လုပ်ငန်းများ ဖြစ်ထွန်းလျက်ရှိပြီး တပ်ကုန်းမြို့ ပတ်ဝန်းကျင်တွင် မွေးမြူရေးဇုန်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေး ပညာရပ်များ ပြန့်ပွားစေရေးအတွက် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို နေပြည်တော်ကောင်စီနယ်မြေတွင် ဖွင့်လှစ်ထားသည်။ ဝန်ကြီးဌာနများ ရုံးစိုက်ရာ နယ်မြေဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေအောင် ဆောင်ရွက်ရေး၊ စံပြဖြစ်အောင် ဆောင်ရွက်ရေးအတွက် အားသာချက်များ ရှိသော မြို့တော်ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံ အထက်အောက်သွားလာနိုင်သော အမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေးအဝေးပြေး လမ်းမကြီးပေါ်တွင် တည်ရှိသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သကဲ့သို့ လျှပ်စစ်ဓာတ်အားများလည်း လုံလောက်စွာ ရရှိနိုင်သည်။ ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေကို အစိမ်းရောင်မြို့တော်၊ သန့်ရှင်းသောမြို့တော်၊ အဆင့်အတန်း မြင့်မားသောမြို့တော်အဖြစ် ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ် လုပ်ငန်းများကိုလည်း စံပြအဖြစ် တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်သည်။

နေပြည်တော် ပေါ်ပေါက်လာခြင်းနှင့် အတူ ဘုရားစေတီ ကျောင်းကန်များလည်း ပေါ်ထွန်းလျက်ရှိရာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကိုလည်း မကြာမီကာလတွင် ဖူးမြော်မြင်တွေ့ကြရတော့မည် ဖြစ်ပါသည်။ နေပြည်တော် တည်ရှိရာဒေသသည် မြန်မာနိုင်ငံတွင် အချက်အချာ အကျဆုံးနေရာဖြစ်သည့် အပြင် မြန်မာပြည် တစ်နံတစ်လျား လွယ်ကူစွာ သွားလာနိုင်သည်မှာ ထင်ရှားသော အားသာချက်ဖြစ်သည်။

စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်မှာ မြေ၊ ရေ၊ နည်းနှင့်မျိုးတို့ဖြစ်သည်။ နွေရာသီတွင် စိုက်ပျိုးမြေများ ရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် မြစ်ချောင်းများ ရှိပြီးဖြစ်သဖြင့် မြစ်ရေတင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ရာသီမရွေး သီးနှံများကို သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် နိုင်ငံတော်၏ စားရေရိက္ခာအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နေပြည်တော်တွင် ကျင်းပလျက်ရှိရာ အောင်မြင်မှု ရာနှုန်းပြည့်ရရှိမည်ဟု ယုံကြည်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်ခြင်းများနှင့်အတူ ငြိမ်းချမ်းရေး အောင်ပွဲမော်ကွန်း တင်မည့်နေရာ ဒေသအဖြစ် ရောက်ရှိလာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။