ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်)

နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုနှုန်းကို တိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်လည်း ပါဝင်သည်။ ပညာတတ်ပေါများသော နိုင်ငံသည် တိုးတက်သည်။ ပညာရည်နိမ့်ပါးသော နိုင်ငံသည် တိုးတက်မှုနှုန်းနှေးကွေးသည်။ မိသားစုတစ်စုနှင့်နှိုင်းယှဉ်လျှင်လည်း ထိုနည်းအတိုင်းတွေ့မြင်နိုင်သည်။ ထို့ကြောင့် မိသားစုတိုင်းသည် မိမိတို့၏သားသမီးများ ပညာရည်မြင့်မားခြင်းကို လိုလားနှစ်သက် သည်။ ယနေ့ခေတ်မှာ ပညာခေတ်ဖြစ်သည့် အားလျော်စွာ လူ့ဘဝခရီးဖြတ်သန်းရာတွင် ပညာသည်အဆုံးအဖြတ်တစ်ခုဖြစ်သည်။  ခေတ်ရေစီးကြောင်းနှင့်ခေတ်မီစွာ လိုက်ပါစီးမျောရန်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ပညာတတ်ရေးဖြစ် သည်။

ပညာရေးစနစ်သည် အမျိုးသားပညာရေးစနစ်အဖြစ် ၂၀၁၄ ခုနှစ်ကစတင်ခဲ့ပြီး ယနေ့တိုင်လည်း ထိုပညာရေးစနစ်သာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ပညာရေးစနစ်နှင့်ပတ်သက်၍ လုံးဝပြုပြင်ပြောင်းလဲခြင်းမရှိပါ။ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သာယာလှပရေး၊ ကျောင်းအားကစားကွင်းများ အဆင့်မြင့်ရေးလုပ်ငန်းများသာ လုပ်ဆောင်ပေးထားပါသည်။ အဖျက်သမားတို့က ကျောင်းမတက်ရေး၊ ကျောင်းမထားရေး၊ ကျောင်းမဖွင့်ရေးလှုံ့ဆော်ကာ အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေသူ များမှာ သူတို့တွင် သားသမီးမရှိ၍ဖြစ်သည်။ သားသမီးရှိခဲ့လျှင်လည်း ထိုသူတို့သည် သူတို့၏သားသမီးများကို ကျောင်းမအပ်ဘဲ၊ ကျောင်းမထားဘဲနေမည်မဟုတ်ပေ။ သူတို့မှာ ကျောင်းထားရန်ကျောင်းသားရှိခဲ့လျှင်လည်း ပြည်ပတွင် ကျောင်းထားပြီးဖြစ်သည်။ ပြည်ပတွင် ကျောင်းထားသူများက ကျောင်းသားများ ကျောင်းမတက်ရန် သွေးထိုးနေခြင်းမှာ လေးလေးနက်နက်စဉ်းစားလျှင် လူငယ်လူရွယ်တို့၏ အနာဂတ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။

မိဘတိုင်းသည် မိမိတို့သားသမီးများကို ပညာတတ်ကြီးဖြစ်စေချင်ကြသည်။ ဆင်းရဲသူ၊ ချမ်းသာသူ အဆင့်အတန်းအားဖြင့် မတူညီကြ သော်လည်း မိဘအားလုံး၏ ရင်ထဲမှာရှိနေသည်က မိမိတို့ရင်သွေး ကျောင်းအပ်နှံရေးနှင့် ပညာတတ်ရေးဖြစ်သည်။ ထိုသို့ဆိုပါလျှင် ကျောင်းမအပ်ရေး၊ ကျောင်းမထားရေးကို လှုံ့ဆော်ဖျက်ဆီးနေသူများသည် မိဘပြည်သူများ၏ ဘုံရန်သူပင်ဖြစ်သည်။ ထိုဘုံရန်သူကို  မိဘတိုင်းက ညီညီညာညာ စည်းစည်းလုံးလုံး တိုက်ဖျက်ကြမည်ဆိုလျှင် အဖျက်သမားလူရမ်းကားတို့သည် ပျောက်ကွယ် သွားမည် ဖြစ်သည်။ မိဘတိုင်း၊ ဆရာတိုင်းက ညီညွတ်နေလျှင် အဖျက်သမားတို့ ရှိတော့မည်မဟုတ်ပေ။

မိဘတိုင်းသည် သားသမီးများနှင့် ပတ်သက်လာလျှင် အပွန်းပဲ့၊ အထိခိုက်ပင်ခံနိုင်မည့်သူများ မဟုတ်ပေ။ ပညာရေး ဝန်ကြီးဌာန က၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်သတ်မှတ်ထားသည့်အတိုင်း ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှစတင်ကာ ကျောင်းသား၊ကျောင်းသူများ စတင်ကျောင်းအပ်နှံနေကြသည်။ ကျောင်းအပ်နှံမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားနေကြောင်း သိရှိရသည်။ ကျောင်းများ ဖွင့်တော့မည်ဆိုသည်နှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက စေတနာမေတ္တာများ ဖြင့် ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း အပြုံးမပျက်ကျောင်းတက်ရေးအတွက် မိဘတိုင်းက  သားသမီးများကို ကျောင်းအပ်နှံနေ ကြပြီဖြစ်သည်။ ကျောင်းအပ်စတင်လက်ခံသည်နှင့်မိဘများ  အားတက်သရော ကျောင်းသို့လာရောက် အပ်နှံနေကြသော မြင်ကွင်း သည် မြန်မာနိုင်ငံအတွက် ကျက်သရေမင်္ဂလာရှိသော မြင်ကွင်းဖြစ်သည်။ အဖျက်သမားတို့မှာ ထုံးစံအတိုင်း မဟုတ်မမှန် လုပ်ကြံသတင်းများ ထုတ်လွှင့်မြဲဖြစ်ပေသည်။ နိုင်ငံအတွင်း သတင်းမှန်သိရှိစေရေးအတွက် နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်နေ သည်များကိုသာ ကြည့်ရှုနားထောင်ကြရန် လိုပေသည်။ နိုင်ငံပိုင်မီဒီယာများမှာ နိုင်ငံတကာသို့ပျံ့နှံ့အောင်၊ သိသာအောင် တိကျ မှန်ကန်၍ အခြေအမြစ်ခိုင်မာသော သတင်းများကို ထုတ်လွှင့်ပေးလျက်ရှိသည်။ ထို့ကြောင့်မှန်ကန်မှု ရာခိုင်နှုန်းပြည့်ရှိသည့်အတွက် မိဘများ၊ ဆရာများ၊ ကျောင်းသားများအနေဖြင့် မိမိနိုင်ငံ၏တရားဝင်သတင်းများမှလွဲ၍ အခြားသောသတင်းများ သက်ဝင်ယုံကြည်မိ ပါက မိမိတို့အတွက် နစ်နာဆုံးရှုံးမှုသာ ဖြစ်ပေလိမ့်မည်။

နိုင်ငံတော် အစိုးရအနေဖြင့်လည်း မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအားလုံးအတွက် စိတ်သောက မဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ။ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျောင်းများတွင် အပြည့်အဝထားရှိပေးထားသည်။ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အတူ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက် အထိသတ်မှတ်ပေးထားပါသည်။ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းအပ်နှံရေး အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။