ပြည်ထောင်စုသားအားလုံးကိုကာကွယ်ပေးရန်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန်  ၁ ရက်)

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော်တည်ဆောက်ရေးမှာ နိုင်ငံသားအားလုံးနှင့်ဆိုင်သော ကိစ္စတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်တွင် စစ်မှုထမ်းရန် သတ်မှတ် အရည်အချင်းနှင့်ပြည့်စုံသူ လူငယ်လူရွယ်အားလုံးနှင့် ပိုမိုသက်ဆိုင်သော ကိစ္စရပ်ဟု မှတ်ယူနိုင်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်ပေသည်။ ထိုတာဝန်မှာမျိုးဆက်သစ်တိုင်း လက်ဆင့်ကမ်း ထမ်းဆောင်နေရမည့် တာဝန်လည်းဖြစ်သည်။

ခေတ်မီမျိုးချစ် တပ်မတော်တည်ဆောက်ရေးမှာ နိုင်ငံတော်အချုပ်အခြာအာဏာဖြစ်သော လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးအတွက် အမြဲထာဝရ တည်ဆောက်နေရမည့် တာဝန်ဖြစ်သည်။ ဆိုလိုသည်မှာ တပ်မတော်တစ်ရပ်တွင် လက်ရှိပစ္စုပ္ပန်အခြေအနေမှာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်နေသလို အနာဂတ်ကာလတွင်လည်း ထိုအတိုင်းဖြစ်နေရပေမည်။ မျိုးဆက်သစ်တိုင်းက လက်ဆင့်ကမ်းသယ်ပိုး ထမ်းဆောင်နေနိုင်ကြမှလည်း နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့်ကြုံလေတိုင်း သို့တည်းမဟုတ် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်ခံရလေတိုင်း တပ်မတော်က ဦးဆောင်ကာကွယ်နိုင်မည်ဖြစ်ပေသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ပေါ်ပေါက်လာသည်။ ရဲဘော်သုံးကျိပ်တို့၏ စွန့်လွှတ်စွန့်စားမှု စိတ်ဓာတ်၊ အပင်ပန်း အဆင်းရဲခံနိုင်သည့် စိတ်ဓာတ်၊ နိုင်ငံလွတ်လပ်ရေးအတွက် အသက်ကိုမငဲ့ဘဲ တပ်မတော်ကို စတင်တည် ထောင်ခဲ့ကြသည်။ တပ်မတော်သည် နယ်ချဲ့တို့ကို တိုက်ထုတ်ရသည်။ ထိုမှတစ်ဖန် ဖက်ဆစ်ဂျပန်တို့ကိုလည်း ပြန်လည် တိုက်ထုတ် ရသည်။ တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံးက မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြသည်။ သတင်းထောက်လှမ်းပေး ခြင်း၊ တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ခြင်းတို့ကို စွန့်စွန့်စားစား လုပ်ဆောင်ကြသည်။ မြန်မာတို့၏ ဖက်ဆစ်တော်လှန်ရေး အောင်မြင် ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအောင်မြင်မှုသည် ပင်လုံစာချုပ်ကို အထောက်အကူပြုခဲ့သလို လွတ်လပ်ရေးလမ်းကြောင်းကိုလည်း ဖြောင့်တန်းစေခဲ့ပါသည်။

လွတ်လပ်ရေးရပြီးသည်နှင့် ရန်ကုန်အစိုးရဟု ခေါ်ဆိုလောက်အောင် တိုင်းပြည်ကိုဖျက်ဆီးခဲ့သည့် ရောင်စုံသောင်းကျန်းသူများ၏ အန္တရာယ်ကို တပ်မတော်က ချေမှုန်းတိုက်ခိုက်ခဲ့ရသည်။ ပြည်ပကျူးကျော်မှုနှင့် ကြုံလာသောအခါတွင်လည်း တပ်မတော်ကပင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သက်စွန့်ကြိုးပမ်းကာကွယ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်များ ကျရောက်လာသောအခါတွင်လည်း တပ်မတော်ကပင် နိုင်ငံတော်မပြိုကွဲရေးကို တာဝန်ယူ ကာကွယ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်၌ နိုင်ငံတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေးပျက်ပြားလာပြီး အကြမ်းဖက်အဖျက်သမားတို့ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်ဥစ္စာများလုံခြုံရေးကို တာဝန်ယူခဲ့ရသည်။ မျက်မှောက်ကာလ ဒီမိုကရေစီစနစ်ယိမ်းယိုင်ချည့်နဲ့အောင် ပြုလုပ်လာခြင်းကိုလည်း တပ်မတော်ကပင် ကာကွယ်ခဲ့ရပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်းတွင် “တပ်မတော်ဟာ ကိုယ်ကျိုး ရှာသည့်အဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက် တည်ရှိနေသော အဖွဲ့အစည်းမဟုတ်ပါဘူး။ ပြည်ထောင်စု တိုင်းရင်းသားအားလုံးကို အကာအကွယ်ပေးဖို့ တည်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံ့ကာကွယ်ရေးတာဝန်များကို ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည်မသုန်ဆောင်ရွက်ခဲ့သလို ယခု ၁၀ နှစ်အတွင်းမှာလည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပီပြင်ခိုင်မာရေးအတွက် တတ်စွမ်း သလောက်သစ္စာရှိရှိ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလမ်းစဉ်အတိုင်း ကတိတည်စွာနဲ့ဆောင်ရွက်သွားမယ်ဆိုတာ ပြောလိုပါတယ်” ဟူ၍ ပြောကြားခဲ့သည်။

ထို့ကြောင့် တပ်မတော်ကိုအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် တည်ဆောက်နေ သည်မှာ နိုင်ငံအတွက် မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်သည်။ တပ်မတော်(ရေ)မှာ ဆင်ဖြူရှင်အပါအဝင် ဖရီးဂိတ်စစ်ရေယာဉ်များ ကို ကိုယ်ပိုင်ထုတ်လုပ်နိုင်ပြီး မင်းရဲသိင်္ခသူနှင့် မင်းရဲကျော်ထင် အမည်ရှိရေငုပ်သင်္ဘောနှစ်စင်းကို ပိုင်ဆိုင်ထားသည်။ တပ်မတော် (လေ)မှာလည်း MIG-29 တိုက်လေယာဉ်များ၊ JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေး၊ Yak-130 အပေါ့စားတိုက်လေယာဉ်များ၊ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များအပြင် အလွန်ခေတ်မီသော SU-30 တာဝေးတိုက်ခိုက်ရေးလေယာဉ်များဖြင့် ဒေသတွင်း ခိုင်မာ အားကောင်းသော နည်းဗျူဟာမြောက်လေတပ်အဖြစ် ကြိုးပမ်းတည်ဆောက်ထားသည်။ ဤသို့ကြိုးပမ်း တည်ဆောက်ထားမှု များမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်ဖြစ်ပြီး သည့်ထက်ပို၍ တိတိကျကျဆိုရလျှင် မျိုးဆက်သစ်တို့အတွက် အခြေ အနေ ကောင်း၊ အမွေကောင်းများဖြစ်သည်။ နိုင်ငံကိုချစ်သူတိုင်းကလက်ဆင့်ကမ်းထိန်းသိမ်းကာ ပြည်ထောင်စုသား အားလုံးကို ကာကွယ် ပေးရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။