စိမ်းလန်းသာယာနေသောပြည်မြန်မာ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန်  ၃  ရက်)

မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို အလေးအနက်ထား ထိန်းသိမ်းဆောင်ရွက်နေသောနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မိုးရာသီ တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း (၂၈၇၁၅) ဧက၌ အပင် (၂၃၉၇၃၀၅၁) ပင်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း (၂၄၂၆၉) ဧက၌ အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုးသွားရန်စီမံထားကြောင်းသိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၃၁ ရက် နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်းအကွက် (၁၃) ၌ကျင်းပသော၂၀၂၂ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ခရေပျိုးပင်ကို စိုက်ပျိုးပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇွန်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီးလျှင် ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးခဲ့သည်။  ထို့အတူ  တပ်မတော် တစ်ရပ်လုံး၊ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်လည်း သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများ ကျင်းပပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။ တပ်မတော်တစ်ရပ်လုံး ဇွန် ၂ ရက်နေ့တွင် စိုက်ပျိုးခဲ့သော သစ်ပင် အရေအတွက်မှာ ၂၁၆၁၀၇ ပင်ဖြစ်ကြောင်းသိရှိရသည်။

သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေသည်။ သစ်တော သစ်ပင်များနှင့် သစ်တော ဂေဟစနစ်သည် လူသန်းပေါင်းများစွာ၏ လိုအပ်ချက်ဖြစ်သည့်အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အစရှိသည့် သစ်တောထွက် ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးနေသကဲ့သို့ ရာသီဥတု ပြောင်းလဲမှုကိုလည်း ထိန်းညှိပေးပါသည်။ ထို့ကြောင့် မိုးကြိုကာလ၊ မိုးရာသီကာလတို့တွင် နိုင်ငံတစ်ဝန်း သစ်ပင်များ စိုက်ပျိုးကြခြင်းဖြစ်သည်။ စိုက်ပျိုးပြီးသစ်ပင်များကိုလည်း တစ်ပင် စိုက်တစ်ပင်ရှင်သန်အောင် ဆက်လက်ပြုစုပေးကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထူးအလေးအနက်ထားသော နိုင်ငံဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၅ ၌ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟုအခြေခံမူချမှတ်ထားခြင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ ၌ နိုင်ငံသားတိုင်းသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ခြင်း ကိစ္စရပ်များတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားခြင်းတို့ကို လေ့လာကြည့်ခြင်းဖြင့် ထင်ရှားစွာ သိနိုင်သည်။

သစ်တောသစ်ပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းသည် ဂေဟစနစ်ပြန်လည်ကောင်းမွန်ရှင်သန်ရေးနှင့် နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည်။ ယခင်နှစ်များတွင် သစ်ပင်စိုက်ပျိုးခြင်းကို ဇွန်လနှင့် ဇူလိုင်လများတွင် ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် မိုးဦးကျစောပြီးရာသီဥတုပြောင်းလဲလာမှုကြောင့် မေလအတွင်းမှ စတင် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် သစ်ပင်စိုက်ပျိုးခြင်းများကို ဆက်လက်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတစ်ဝန်း သစ်တောစွမ်းဖြင့် စိမ်းလန်းစိုပြည်နေမည်ဖြစ်ပါသည်။

နှစ်စဉ်မိုးရာသီသို့ ရောက်လေတိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် သစ်ပင်များစုပေါင်းစိုက်ပျိုးခြင်းမှာလည်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက်ဖြစ်သည်။ သစ်တောသစ်ပင်များကြောင့်လည်း မြန်မာနိုင်ငံ၏ရာသီဥတုမှာ အကောင်းဘက်သို့ ဦးတည်နေပြီဖြစ်သည်။ မိုးရွာသွန်းမှုများပြားလာခြင်း၊ မိုးနည်း ရပ်ဝန်းဒေသများတွင် မိုးရွာသွန်းမှုရှိလာခြင်းတို့မှာ ခိုင်လုံသော အထောက် အထားဖြစ်သည်။ အထူးသဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည်စေရေး၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် နေပြည်တော်ကောင်စီသည် စိမ်းလန်းသာယာလျက်ရှိနေပြီဖြစ်သည်။ နေပြည်တော်ကိုစံနမူနာထားကာ အခြားသော တိုင်းဒေသကြီး နှင့်ပြည်နယ်များက လိုက်ပါဆောင်ရွက်လျက်ရှိသဖြင့် စိမ်းလန်းသာယာသော ပြည်မြန်မာအဖြစ် ရောက်ရှိတော့မည်ဖြစ်သည်။

သစ်ပင်များ စိုက်ပျိုးနေခြင်းသည် လက်ရှိလူသားများအတွက်သာမက အနာဂတ်မျိုးဆက်သစ်များ အတွက်ဖြစ်သည်။ သစ်ပင် သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြည်သည့် ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်း ကောင်းမွန်သောမြို့ပြများကို ထာဝရကောင်းမွန် သောအမွေအဖြစ်ပေးနိုင်ရန်ကြိုးစားလုပ်ဆောင်နေခြင်းပင်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် သဘာ၀ တောများပြန်လည်ထိန်းသိမ်းရေးအတွက် သစ်အလုံးလိုက်နှင့် ခွဲသားပြည်ပသို့ ရောင်းချခြင်းကို ခွင့်မပြုဘဲ ကုန်ချောထုတ်လုပ်ပြီးမှသာ တင်ပို့ရောင်းချရေးဆောင်ရွက်လျက်ရှိရာ သစ်ပင်ကိုနှစ်စဉ်စိုက်သော မြန်မာတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး သစ်တောများပိုမိုဖုံးလွှမ်းပြီး စိမ်းလန်းသာယာနေသောပြည်မြန်မာ အဖြစ်တွေ့မြင်ရတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။